
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ ရက်
ပဲခူးတိုင်း၊ တောင်ငူခရိုင်တွင် ရေကြီးရေလျှံမှုကြောင့် လူသေဆုံးပြီး ရွာပေါင်းများစွာ ရေနစ်မြုပ်နေသော်လည်း စစ်ကောင်စီက ကူညီကယ်ဆယ်ရေး အဖွဲ့များကို တားဆီးပိတ်ပင်ကာ ၎င်းတို့ ဖော်ဆောင်မည့် ကျုံးမြို့ရိုး စီမံကိန်းကို အာရုံစိုက်နေကြောင်း ဒေသခံများနှင့် ပရဟိတအဖွဲ့များထံက သိရသည်။
ထိုဒေသအတွင်း ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်မှ စတင်၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့် ကျေးရွာများကို စစ်ကောင်စီက ကူညီကယ်ဆယ်မှု နည်းပါးကာ လာရောက်ကူညီ လှူဒါန်းကြသူများကိုလည်း တားဆီးပိတ်ပင်ထားသောကြောင့် အရေးပေါ်အကူအညီများ လိုအပ်လျက် ရှိကြောင်း သိရသည်။
“ရေမကြီးခင်က တောင်ငူမှာ ကျုံးမြို့ရိုးဖော်ဆောင်မဲ့ စီမံကိန်းကရှိနေတော့ လူကြီးပိုင်းအများစု လာကြတာများတယ်။ အဲဒီမှာ သက်ဆိုင်ရာ လူကြီးပိုင်းတွေက လာမယ့်လူကြီး လမ်းကြောင်းကိုပဲ အာရုံစိုက်နေရတာနဲ့ သဘာဝဘေးကို အာရုံမစိုက်နိုင်ဘူး၊ အားနည်းတာပေါ့” ဟု တောင်ငူဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ၎င်းတို့အနေဖြင့် မည်ကဲ့သို့ လုပ်ဆောင်ပေးနေဟု ဝါဒဖြန့် သတင်းစာ၊ ရုပ်သံများ မှတဆင့် ထုတ်ပြန်ပြောဆိုနေသော်လည်း လက်ရှိတွင် တောင်ငူဒေသတစ်ဝိုက်တွင် ကူညီ ကယ်ဆယ်ရေး မရောက်သော နေရာအများအပြား ရှိနေသေးကြောင်း ဒေသခံများထံက သိရသည်။
“ကူညီဖို့ဆိုတာကလဲ အတားအဆီးတွေ ရှိနေတော့ လိုသလောက် မထိရောက်ဘူး ဖြစ်နေတယ်။ တောင်ငူမှာ အားအနည်းဆုံးက Information centre မရှိတာပဲ။ မြို့အဝင်ဂိတ်တွေမှာလည်း လှူဒါန်းရေးကားတွေကို စစ်ဆေးတာရှိတယ်။ စစ်ကောင်စီရဲ့ လှူဒါန်းရေးက အခုထိ ပြည်သူတွေအပေါ် မထိရောက်တာ အမှန်ပဲ“ ဟု ဒေသတွင်း ပရဟိတသမား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းအပြင် စစ်ကောင်စီသည် တောင်ငူခရိုင်အတွင်း KNU နှင့် PDF စိုးမိုးသော နယ်မြေများရှိ ရေဘေးသင့် ကျေးရွာများကိုလည်း ကူညီရေးပစ္စည်းများ မရောက်ရှိအောင် တားဆီးပိတ်ပင်ထားပြီး ပရဟိတအဖွဲ့နှင့် အလှူရှင်များအနေဖြင့် ၎င်းတို့နှင့်သာ ချိတ်ဆက်ကူညီရန် ခြိမ်းခြောက်ထားကြောင်း သိရသည်။
လက်ရှိတွင် တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၇၅ ရွာ ရေနစ်မြှုပ်ကာ လူဦးရေ ၁၄၈,၅၀၀ ဦး ရေဘေသင့်လျက်ရှိပြီး ကျောင်းတစ်ကျောင်းပျက်စီး၍ လူခုနစ်ဦး သေဆုံး ခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ စက်တင်ဘာ ၂၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ရေကြီးမှုကြောင့် စစ်တောင်းအရှေ့ဘက်ခြမ်းရှိ လယ်ယာပေါင်း ၂၀၃၇၂.၅၇ ဧက ပျက်စီးဆုံးရှုံးပြီး ကျွဲ၊ နွား အကောင်ရေ ၇၀ ကျော် အသေအပျောက်ရှိကာ ဇရပ်ကြီးတောင်ခြမ်း အုပ်စု၌လည်း လယ်ပျက်စီးမှု ၆၀၀၀ ဧကနှင့် ကျွဲ၊ နွား အသေအပျောက် ၇၀ ကျော်ရှိကြောင်း သိရသည်။
ယခု ၂၀၂၄ ခုနှစ် ရေကြီးရေလျှံမှုသည် ၅၈ နှစ်အတွင်း အကြီးမားဆုံး ရေကြီးရေလျှံမှုဖြစ်ပြီး တောင်ငူခရိုင်၌ လာမည့်နှစ်အတွင်း တောင်ပေါ်မြို့များအတွက် စားနပ်ရိက္ခာ ပြတ်လတ်သည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်ကြောင်း KNU က ထုတ်ပြန်ဖော်ပြထားသည်။
ဓာတ်ပုံ- KNU
ပုံစာ- တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံနေမှုများ
#စစ်ကောင်စီ #တောင်ငူရေဘေး #ကျုံးမြို့ရိုးစီမံကိန်း #အာရုံစိုက် #Ayeyarwaddy_Times