
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ ရက်
စစ်ကောင်စီက ဈေးနှုန်းအပါအဝင်ရောင်းချမှု ထိန်းချုပ်နေသော စားအုန်းဆီအခြေခံရည်ညွှန်ဈေး တဖြည်းဖြည်းမြင့်တက်လာရာ တစ်လအတွင်း စားအုန်းဆီတစ်ပိဿာလျှင် စစ်ကောင်စီ၏ သတ်မှတ် ရည်ညွှန်းစျေး ၁၅၀၀ ကျပ်နီးပါးမြင့်တက်လာကြောင်းသိရသည်။
လက်ရှိတစ်ပတ် စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်အတွင်း ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစိပိဿာလျှင် ၆၈၅၀ ကျပ်ဖြစ်ကြောင်း ယနေ့ စက်တင်ဘာ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းက စစ်ကောင်စီ၏ စားအုန်းဆီရည်ညွှန်းဈေးသည် တစ်ပိဿာလျှင် ၅၄၈၅ ကျပ် ဖြစ်သည်။
ပြင်ပဈေးကွက်ပေါက်ဈေးတွင် စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၁၇၀၀၀ ရှိကြောင်း ရန်ကုန်မြို့ခံ အိမ်ရှင်မ တစ်ဦးက ပြောကြားသည်။
ပြည်တွင်းနိုင်ငံခြားငွေလွဲဈေးကွက်တွင်း အမေရိကန်ဒေါ်လာငွေလဲနှုန်းဈေးကျဆင်းလာသော်လည်း အခြေခံစားသောက်ကုန်စာရင်းဝင် ပြင်ပသွင်းကုန် စားအုန်းဆီဈေးနှုန်းက တဖြည်းဖြည်း မြင့်တက်လာခြင်းဖြစ်သည်။
စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံရှိ FOB ဈေးနှုန်းများအပါအဝင် သယ်ယူပို့ဆောင်စရိတ်၊ ဘဏ်စရိတ် နှင့် အခွန်များထည့်သွင်းတွက်ချက်ပြီး အခြေခံလက်ကား ရည်ညွှန်းဈေးသတ်မှတ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
“ရပ်ကွက်ထဲဆီစာအုပ်နဲ့ထုတ်လို့ရတယ်။ သူတို့ပေးချိန်က အလုပ်သွားချိန်နဲ့ဆိုတော့ တန်းလည်း မစီနိုင်လို့ သူများကိုပဲ စာအုပ်ပေးပြီး ထုတ်ခိုင်းလိုက်တယ်။ အပြင်မှာဝယ်ချင်တိုင်းမရဘူး။ ဟင်းသီး ဟင်းရွက်ဆီသန့်ဆိုပြီး စားအုန်းဆီတွေကိုပဲ ဈေးကြီးကြီးနဲ့ပြန်ရောင်းနေတာ။ အဲဒါတွေတော့ရှိတယ်။ ၅၀ သားတစ်ဗူး ကိုးထောင်နီးပါးပဲ ” ဟု ရန်ကုန်မြို့ခံအိမ်ရှင်မ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် စားအုန်းဆီဈေးနှုန်းနှင့် ရောင်းချခွင့်ကို ထိန်းချုပ်ထားပြီး လက်ရှိတွင် နည်းလမ်း သုံးမျိုးဖြင့်ရောင်းချလျက်ရှိကြောင်းသိရသည်။
ရန်ကုန်မြို့ရှိ ရပ်ကွက်များအတွင်း သမဝါယစနစ် ပုံစံဖြင့် တစ်အိမ်ထောင်လျှင် တစ်ပတ်တစ်ကြိမ်ဖြင့် စားအုန်းဆီ ၅၀ ကျပ်သား နှစ်ဗူးရောင်းချခြင်း၊ ရည်ညွှန်းဈေးအတိုင်းရောင်းချသည့် စားအုန်းဆီ လက်ကားဆိုင်များတွင် တန်းစီ၀ယ်ယူနိုင်ခြင်းနှင့် အိမ်အရောက်ပို့စနစ် (Delivery) ဖြင့် ဖုန်းဆက်သွယ်မှာယူနိုင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံက သိရသည်။
စားအုန်းဆီအိမ်တိုင်ရာရောက် ရောင်းချမှုစနစ်တွင် အိမ်ထောင်စု တစ်စုလျှင် ၂ ဒသမ ၇၅ ပိဿာရောင်းချပြီး တယ်လီဖုန်းဆက်သွယ်ရာတွင် အခက်အခဲများရှိကြောင်း ရန်ကုန်မြို့ရှိ အိမ်ရှင်မများထံက သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#အခြေခံစားကုန် #လူသုံးများ #စားအုန်းဆီဈေးမြင့်တက် #Ayeyarwaddy_Times