
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ရက်
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ပေါက်တူးကျေးရွာကို ယမန်နေ့ စက်တင်ဘာ ၂၂ရက် နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ ကလေးတစ်ဦးအပါအဝင် ဒေသခံ သုံးဦးသေဆုံးပြီး သုံးဦးမှာ ပြင်းထန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ ပေါင် ၅၀၀ ဗုံးဖြင့်တိုက်ခိုက်မှုကြောင့် မောင်ရာဇာမင်း( ၉)နှစ်၊ ဦးဇော်မင်းထွန်း၊ ဒေါ်ခင်သူဇာနိုင်တို့ သေဆုံးခဲ့ပြီး မောင်ရာဇာထွန်း၊ ဒေါ်ညိုအေးနှင့် မငွေဇင်ကျော်တို့မှာ ပြင်းထန် ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။
“ရွာမှာ ဘာတိုက်ပွဲမှ မရှိပါဘူး။ မြို့ပေါ်နဲ့လည်း ဝေးပါတယ်။ ဗုံးလာကြဲတာ နှစ်ကြိမ်ရှိပြီပေါ့။ တိုက်ပွဲဖြစ်ရင်မှ ရှောင်ချိန်ရဦးမယ်လေ။ အခုက အလွတ်ကြီး လာကြဲတာ” ဟု သံတွဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပေါက်တူးကျေးရွာမှာ သံတွဲမြို့နှင့် မိုင် ၂၀ခန့်ကွာဝေးပြီး တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲစစ်ကောင်စီက ပြင်းအားမြင့် ပေါင် ၅၀၀ ဗုံးများသုံး၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၆ရက်နေ့၊ နေ့လယ် ၃နာရီခန့်ကလည်း ပေါက်တူး ကျေးရွာကို ဗုံး နှစ်ကြိမ်လာရောက်ကြဲချခဲ့ကြောင်း သိရသည်။
လေယာဉ်ဖြင့် နှစ်ကြိမ်လာရောက် ဗုံးကြဲရာတွင် ဗုံးအလုံးရေ ၂၆လုံးခန့် ကြဲချသွားပြီး ကျေးရွာအတွင်း သေဆုံးသူများရှိသလို ပေါင်နှစ်ဖက်လုံး ပြတ်တောက်ခဲ့ရသူနှင့် လက်များ ပြတ်ထွက်သွားသူများ ရှိကြောင်း သိရသည်။
အာရက္ခတပ်တော် (AA) သည် ပြီးခဲ့သည့် စက်တင်ဘာ ၅ရက်မှစတင်ကာ သံတွဲမြို့နယ်ရှိ နောက်ဆုံး ကျန်ရစ်သော မောင်ရွှေလေးရေတပ်ကို တိုက်ခိုက်သိမ်းပိုက်ပြီး သံတွဲမြို့နယ်ကို ထိန်းချုပ်ထားပြီး ဖြစ်သည်။
ဓာတ်ပုံ- Daily Voice News
ပုံစာ- စက်တင်ဘာ ၁၆ရက်က ဗုံးထိမှန်ခဲ့သည့် ပေါက်တူးရွာမှ နေအိမ်တချို့
#ရခိုင် #သံတွဲ #ပေါက်တူးကျေးရွာ #စစ်ကောင်စီ #ဗုံးကြဲ #Ayeyarwaddy_Times