ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ ရက်

အင်းစိန်ထောင်နှင့် မုံရွာအကျဉ်းထောင်မှ နိုင်ငံ‌ရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၆၀၀ ကျော်ကို ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်နေ့တွင် စစ်ကောင်စီက ထောင်ပြောင်းရွှေ့မှု ပြုလုပ်ခဲ့ ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံက သိရသည်။

စစ်ကောင်စီသည် ထောင်ပြောင်းရွှေ့ခံရသည့် မုံရွာထောင်မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၁၀၀ ဝန်းကျင်ကို ရေကြောင်းအသုံးပြုကာ ၎င်းတို့တပ်ဖွဲ့ဝင်များနှင့်အတူ စစ်‌သင်္ဘောများ အသုံးပြု၍ ခေါ်ဆောင်သွားပြီး ချင်းတွင်းမြစ်‌ ကြောင်းတစ်လျှောက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည့် အတွက် အကျဉ်းသားများ၏အသက်အန္တရာယ်ကို စိုးရိမ်နေရကြောင်း သိရသည်။

“မုံရွာကနေခေါ်ထုတ်သွားတဲ့သူတွေက ခုချိန်ထိ ဘယ်ထောင်ကိုရောက်တယ်ဆိုတာ အချက်အလက် မရသေးဘူး။ သေချာတာကတော့လမ်းမှာပဲရှိအုံးမယ်လို့ယူဆတယ်။ အဲ့ဒီစစ်‌သင်္ဘောတွေကလည်း တော်တော်များများ ကြားမှာဖြတ်တိုက်ခံရတယ်လို့သတင်းတွေထွက်နေတော့ မှားယွင်း ပစ်ခတ်မှု တွေကြောင့် ဆုံးရှုံးမှုတွေဖြစ်မှာ နိုင်ကျဉ်းတွေအသက်ဆုံးရှုံးမှာ စိုးရိမ်ရတယ်” ဟု PPNM မှ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၅၀၀ ဝန်းကျင်ကို သာယာဝတီထောင်သို့ အကျဉ်းသား ၂၀၀ ဝန်းကျင်နှင့် ဒိုက်ဦးထောင်သို့ အကျဉ်းသား ၂၆၀ ဝန်းကျင် အသီးသီး ပြောင်းရွှေ့မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

“ထောင်အာဏာပိုင်ရဲ့အမြင်မှာ သဘောမကျတဲ့သူတွေ ထောင်တွင်းလှုပ်ရှားမှုမှာပါဝင်ပြီး ထောင်အာဏာပိုင်ရဲ့ အုပ်ချုပ်မှုတွေ ဖိနှိပ်မှုတွေကိုဆန့်ကျင်နေတဲ့သူတွေ အများစုပါတယ်။ တချို့ ရာဇဝတ်အကျဉ်းသားတွေလည်းပါတယ်။ ‌အရေအတွက်အများကြီးပြောင်းတာကတော့ အင်းစိန်ထောင် မှာ ‌လူဦးရေကျပ်တည်းတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပြောင်းတယ်။ နောက်ကွယ်မှာတော့ မိသားစုတွေ ထောင်ဝင်စာပါဆယ်ပို့ဖို့ ခက်ခဲသွားနိုင်တယ်။ ဒီလိုဖြစ်အောင်လုပ်ဖို့လို့ ပြောလို့ရပါတယ်” ဟု ကိုသိုက်ထွန်းဦးက ဆိုသည်။

မုံရွာမှဆိပ်ကမ်းမှ ထွက်ခွာလာပြီး မုံရွာထောင်မှ ထောင်ပြောင်းရွှေ့သည့်အကျဉ်းသားများ ပါဝင် နိုင်သည်ဟု ယူဆရသည့် စစ်ကောင်စီ စစ်သင်္ဘော ၁၅ စီးကို ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်နေ့က ရှေ့ထွက်မိုင်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းလည်း ဘာမထီ တော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနသည် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်း သားရာနှင့်ချီကို ထောင်ပြောင်းရွှေ့မှုများ မကြာခဏ ပြုလုပ်နေပြီး ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရင်နေ့ကလည်း ပုသိမ်ထောင်မှ မြောင်းမြထောင်သို့ အကျဉ်းသား ၂၇၅ ဦးကို ထောင်ပြောင်း ရွှေ့မှုပြုလုပ်ခဲ့ကြောင်း PPNM ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – အညာပစ်တိုင်းထောင်လေးများ
ပုံစာ – မုံရွာထောင်မှ အကျဉ်းသားများပါဝင်နိုင်သည်ဟု ယူဆရသည့်စစ်သင်္ဘောများ
#စစ်ကောင်စီ #ထောင်ပြောင်းရွှေ့ #မုံရွာထောင် #အင်းစိန်ထောင် #နိုင်ငံရေးအကျဉ်းသား #Ayeyarwaddy_Times