ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့ရှိ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများမှ စစ်မှုထမ်း ထောက်ပံကြေးဟုဆိုကာ အကြိမ်ကြိမ်ငွေကောက်ခံနေကြောင်း ‌ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

မဒေါ့ကုန်း၊ကျောင်းကုန်း၊ကွင်းကလေး၊ ရွာသစ်၊ စစ်ကဲကုန်း၊ကြက်တူရွေး စသည့်ကျေးရွာများတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိလူငယ်များ နေထိုင်သည့် အိမ်များကို စစ်မှုထမ်းအပါတ်စဥ်များအတွက် ထောက်ပံရန် တစ်အိမ်လျှင် ကျပ်နှစ်သောင်းနှုန်းကောက်ခံနေကြောင်း ဒေသခံများမှပြောသည်။

” နှစ်သောင်းထည့်ရတာ သုံးကြိမ်ရှိနေပြီ။ အုပ်ချုပ်ရေးမှူးက ရာအိမ်မှူးတွေကို ကောက်ခိုင်းတာ ။ စစ်မှုထမ်းထောက်ပံ့ကြေးအတွက် ခွဲတမ်းချထားတာပေးရမယ်လို့ပြောတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

အဆိုပါ ကျေးရွာများကို မဒေါ့ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ချစ်ကိုဆိုသူမှ ကောက်ခံနေခြင်းဖြစ်ပြီး သြဂုတ်လအတွင်း ရေကြီးနစ်မြုပ်မှုဒဏ်ကြောင့် စပါးနှင့်သီးနှံများပျက်စီးဆုံးရူံးခဲ့သဖြင့် ယခုကဲ့သို့ စစ်မှုထမ်း ထောက်ပံကြေးဟုဆိုကာ အကြိမ်ကြိမ်ကောက်ခံမှုကြောင့် အခက်အခဲကြုံနေရကြောင်း ဒေသခံများထံမှသိရသည်။

ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များတွင် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို အသုံးပြုပြီး စိတ်ထင်သလိုငွေတောင်းခံခြင်း၊ မဲပေါက်သည်ဟုဆိုကာ သင်တန်းသို့စေလွှတ်ခြင်းများ လုပ်ဆောင်နေကြကြောင်း ဒေသခံများက ပြောကြားသည်။

#ငွေဆောင်မြို့ #ကျေးရွာများတွင် #စစ်မှုထမ်း #ထောက်ပံကြေး #အကြိမ်ကြိမ်ငွေတောင်း #Ayeyarwaddy-Times