ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ရက်

လေဖိအားနည်းဆဲလ်သည် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မွန်၊ ပဲခူး၊ ရန်ကုန်နှင့်ဧရာဝတီတိုင်းတို့ကိုဖြတ်ကျော်လျက်ရှိကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ စက်တင်ဘာ ၂၁ ရက် ညပိုင်းက သတင်းထုတ်ပြန်သည်။

ယမန်နေ့ ညနေပိုင်း၌ ရန်ကုန်မြို့အနှံ့အပြားတွင် မိုးရွာသွန်းလျက်ရှိပြီး ထူးကဲဒီရေမြင့်တက်မှုကြောင့် မြစ်၊ ချောင်းနားနီးသည့် မြို့နယ်များရှိ ရပ်ကွက်များအတွင်း ရေဝင်ရောက်နေကြောင်း မြို့ခံများထံမှ သိရသည်။

လေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး စက်တင်ဘာ ၂၃ ရက်နေ့တွင် ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထုတ်ပြန်သည်။

ယမန်နေ့ညနေမှ စက်တင်ဘာ ၂၅ ရက်နေ့အတွင်း လေဖိအားနည်းဆဲလ်နှင့် အကြွင်းအကျန်တိမ်တိုက်များ၏အရှိန်ကြောင့် နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတနင်္သာရီတိုင်းအပါအဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်၊ ကရင်နီပြည်၊ ကရင်ပြည်နှင့် မွန် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ချင်း ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီး ခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းပါဝင်သည်။

ယင်းပြင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်သဖြင့်သတိပြုနေထိုင်ကျရန်အပါအဝင် ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်းပျံသန်းရေးကြိုတင်သတိပြုရန်လိုအပ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ – မိုး/ဇလ
#လေဖိအားနည်းဆဲလ် #တိုင်းနှင့်ပြည်နယ် #မိုးထစ်ချုန်းရွာမည် #မိုးကြီးမည် #Ayeyarwaddy_Times