ဒေါ်လာ၊ ရွှေ ၊ စက်သုံးဆီဈေးနှုန်းနှင့် အခြေခံစားသောက်ကုန်ဈေး
( စက်တင်ဘာ ၃ ရက်မှ ၂၁ ရက်အတွင်းနှစ်ပတ်ဈေးကွက်အခြေအနေ)

ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သည့်မုန်တိုင်းငယ်နှင့် တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်သည့် တိုင်ဖွန်းမုန်တိုင်း ယာဂီအကြွင်းအကျန်လေပွေလှိုင်းများကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် အလယ်ပိုင်း ဒေသများတွင် မိုးရွာသွန်းမှုသည်းထန်ရွာသွန်းခဲ့သည်။

ယင်းအရှိန်ကြောင့် မြို့နယ် ၅၆ မြို့နယ်တွင်ရေကြီးရေလျှံမှုဖြစ်ပွားသည်။ တောင်ကျချောင်းရေနှင့် အတူမြေပြိုမှုများဖြစ်ပေါ်သည်။

အဆိုပါရေကြီးရေလျှံမှုကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်သဖြင့် ကုန်စိမ်းများဈေးမြင့် တက်သွားကြောင်း ရန်ကုန်မြို့ခံလူထုထံက သိရသည်။

ရှမ်းပြည်နယ်မှလာသော ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ အားလူးဈေးတို့က နှစ်ဆနီးပါးမြင့်တက်သွား ကြောင်းသိရသည်။

အခြေခံကုန်ဈေးနှုန်းနှင့်ချိတ်ဆက်နေသော နိုင်ငံခြားငွေလဲနှုန်းအနည်းငယ်ကျသော်လည်း ပြည်တွင်း အကယ်ဒမီ အခေါက်ရွှေသည်ဆက်လက်ဈေးကျခြင်းမရှိဘဲ ဈေးတန်းတစ်ခုရောက်ရှိ နေကြောင်းသိရသည်။

ထို့ပြင်ကုန်စည်စီးဆင်းရေးတွင်အရေးကြီးကုန်စည်ဖြစ်သော စက်သုံးဆီဈေးသည် ယခင်ပတ်ကထပ် ဈေးနှုန်းအနည်းငယ်မြင့်လာကာ ဈေးအမြင့်မှာပင်ငြိမ်နေသည်။

#နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း

လက်ရှိသီတင်းပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းထားများ တဖြည်းဖြည်းကျဆင်းလာသည်။ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၅၀၀ နီးပါးကျလာသည်။

စက်တင်ဘာ ၂၁ ရက်နေ့တွင် ကျပ် ၅၁၀၀ ကြား အရောင်းအဝယ်ရှိပြီး စက်တင်ဘာ ၃ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၅၆၀၀ ကျပ်ရှိကြောင်းသိရသည်။

” ‌ဒေါ်လာဈေးကျလာတာတွေ့ရတယ်။ ပြီးခဲ့တဲ့နှစ်လ သုံးလလောက်က ဈေး ( ၄၀၀၀) ပတ်ဝန်းကျင် အထိတော့ပြန်မ‌ရောက်တော့ဘူးထင်တယ်။ အခုတိုင်းဆို ကျပ် ၅၀၀၀ ပတ်ဝန်းကျင်မှာပဲရှိနေနိုင်တယ်။ ‌သတင်း‌တွေထွက်သလိုတရုတ်ကြီးကူညီပေးလိုက်လားမသိနိုင်ဘူးပေါ့ ” ဟု ဒေါ်လာဈေးကွက်နှင့်နီးစပ်သူ တစ်ဦးက ပြောကြားသည်။

အမေရိကန်ဒေါ်လာဈေးနည်းတူ တရုတ်ယွမ်‌ဈေးနှုန်းကျဆင်းလာကာ စက်တင်ဘာ ၂၁ ရက် တစ်ယွမ်လျှင် ကျပ် ၇၃၀ ဈေးရှိကာ စက်တင်ဘာ ၃ ရက်နေ့တွင်တစ်ယွမ်လျှင် ၇၅၅ ကျပ်ရှိရာ ပြီးခဲ့သည့်သတင်းနှစ်ပတ်တွင် တစ်ယွမ်လျှင် ၂၅ ကျပ်‌ဈေးကျလာကြောင်း ဈေးကွက်အတွင်းက သိရသည်။

ထိုင်းဘတ်ဈေးနှုန်းသည် စက်တင်ဘာ ၂၁ ရက်နေ့တွင် ၁၄၅ ကျပ်ရှိပြီး စက်တင်ဘာ ၃ ရက်နေ့တွင် တစ်ဘတ်လျှင် ၁၆၀ ကျပ်ရှိပြီး နှစ်ပတ်အတွင်း တစ်ဘတ်လျှင် ၁၅ ကျပ်ဈေးကျသွားကြောင်း‌ ဈေးကွက်အတွင်းက သိရသည်။

#ပြည်တွင်းရွှေဈေးနှုန်း

လက်ရှိရွှေဈေးကွက်အတွင်း ကမ္ဘာ့ရွှေဈေးမြင့်တက်လာပြီး ပြည်တွင်းရွှေဈေးကျ‌နေကြောင်း သိရသည်။

ပြီးခဲ့သည့်တစ်ပတ်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၂၅၀၇ ဒေါ်လာရှိမှ ယခုတစ်ပတ်တွင် တစ်အောင်စကို ၂၆၂၂ ဒေါ်လာထိမြင့်တက်လာကြောင်းသိရသည်။

ပြည်တွင်းရွှေဈေးသည် စက်တင်ဘာ ၂၁ ရက်နေ့တွင် အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၆၈ သိန်း ရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်နေ့တွင် အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၂ သိန်းဖြစ်ကြောင်း ဈေးကွက်အတွင်းသိရသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သား သတ်မှတ် ဈေးနှုန်းသည် စက်တင်ဘာ ၂၁ ရက်နေ့တွင် ၅,၂၁၆,၀၁၂ ကျပ်ဖြစ်ပြီး စက်တင်ဘာ ၃ ရက်နေ့တွင် အကယ်ဒမီအခေါက်ရွှေတစ်ကျပ် တစ်ကျပ်သားလျှင် ၅,၀၂၈,၄၈၀ သိန်းဖြစ်ပြီး တရားဝင် သတ်မှတ်‌ဈေး ကျပ်နှစ်သိန်းတက်လာသည်။

ထို့ပြင် ရွှေဆိုင်များရွှေလုပ်ငန်းရှင်များ ယင်းဈေးနှုန်းအတိုင်းရောင်းဝယ်ရန်ထုတ်ပြန်သည်။

စစ်ကောင်စီက အခွန်တိုးကောက်ရာတွင် ရွှေစင်၊ ရွှေတုံး၊ရွှေချောင်း၊ ရွှေဒင်္ဂါးအပါအဝင် ရွှေထည် လက်ဝတ်ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေအပေါ်အပါအဝင် ပြည်ပမှ တင်သွင်းခြင်းအတွက် ကုန်းပေါ်ရောက်တန်ဖိုးအပေါ် ၃ ရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရမည်ဟု သတ်မှတ် လိုက်သည်။

#ပြည်တွင်းစက်သုံးဆီဈေးနှုန်း

သီတင်းနှစ်ပတ်ကျော်ကာ မြင့်လာသည့်အထိ စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်ပြီး‌နောက် ဈေးမြင့် တက်လာကာ လက်ရှိအချိန်ထိ ထပ်မံမြင့်တက်နေဆဲဖြစ်သည်။

ထိုသို့စျေးမြင့်တက်နေသော်လည်း စက်သုံးဆီကို လိုသလိုဝယ်ယူခွင့်မရဘဲ အကန့် အသတ်ဖြင့် သာဝယ်ယူရသည်။

ပြည်တွင်း ဒီဇယ်နှင့် ‌ဓာတ်ဆီဈေးနှုန်းများ ကျပ် ၅၀မှ ၁၀၀ ကျပ် ဝန်းကျင်ကျော် မြင့်တက်လာခြင်းဖြစ်သည်။

စက်တင်ဘာ ၂၁ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ၃၀၆၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၃၂၁၅ ၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၂၃၅ နှင့် ဒီဇယ်တစ်လီတာ ၂၅၇၅ ကျပ်ဖြင့် စစ်ကောင်စီ သတ်မှတ်ဈေးနှုန်းဖြစ်သည်။

စက်တင်ဘာ ၃ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ၃၁၀၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၃၂၄၀ ၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၂၉၅ နှင့် ဒီဇယ်တစ်လီတာ ၂၆၅၅ ကျပ်ဖြင့် စစ်ကောင်စီက ဈေးနှုန်းသတ်မှတ်ထိန်းထားသည်။

ပြည်တွင်သုံး အောက်တိန်း 92၊ 95 အပါအဝင် ပရီမီယံဒီဇယ်နှင့် ဒီဇယ် အမျိုးအစားတစ်ခုမဟုတ်တစ်ခု ပြတ်လပ်ရှားပါးနေကြောင်း ရန်ကုန်မြို့ရှိ ကိုယ်ပိုင်မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးထံက သိရသည်။

“စက်သုံးဆီက ဒီဇယ်မဟုတ်ရင် ဓာတ်ဆီပြတ်တယ်။ ဒီနေ့ ဆီတန်းစီထည့်ရတယ်။ နာရီနဲ့ချီပြီတော့ မကြာပါဘူး။ စစ်ကောင်စီရှိနေရင် ဒီလိုပဲဖြစ်နေမှာ ” ဟု ၎င်းက ဆိုသည်။

#အခြေခံစားသောက်ကုန်ဈေးနှုန်း

အထွေထွေကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေသည်။ ထိုင်းနှင့်တရုတ်နိုင်ငံမှသွင်းကုန် အချို့ ပစ္စည်းပြတ်လပ်မှုများရှိနေသည်။ စားသုံးကုန်၊ လူသုံးကုန်၊ ကလေးပစ္စည်းအချို့အပါအဝင် အားပြည့် အစာပြတ်လပ်မှုများရှိ‌ကြောင်း ဈေးကွက်အတွင်းစုံစမ်းသိရသည်။

ယခုရက်ပိုင်းအတွက် စားဖိုဆောင်သီးနှံတွင် အာလူးဈေးမြင့်တက်လာကြောင်းသိရသည်။ ထို့ပြင်ကျန်ရှိ‌သောကုန်စည်ပစ္စည်းများဈေးအတက်မှာပင်ရှိနေပြီး အိမ်ရှင်များ၏ညည်းတွားသံကို အဆက်မပြတ်ကြားနေရဆဲပင်ဖြစ်သည်။

စစ်ကောင်စီအာဏာသိမ်းမှုကြောင့် ငွေကြေး ဖောင်းပွမှုနှုန်းမြင့်တက်လာရာတွင် တစ်နေ့လုပ်တစ်နေ့စား လူတန်စားများအတွက် တစ်ရက်လုပ်ခ အနိမ့်ဆုံးကျပ် ၁၂၀၀၀ ဖြင့် စားဝတ်နေရေးဖြေရှင်းရန် မလွယ်ကူတော့ပေ။

အခြေခံစားသောက်ကုန်စည်ထဲမှ ဆန်ဈေးနှုန်းသည် စစ်ကောင်စီသတ်မှတ်ဈေးနှုန်းကြားတွင် ရောင်းချလျက်ရှိသည်။ အရည်အသွေးမြင့်ဆန်များအတွက် ပြင်ပပေါက်ဈေးသပ်သပ်ရှိနေသည်။ ထို့ပြင်ဆန်အရော ဈေးကွက်ရှိလာသည်။

ယခုသီတင်းပတ်အတွင်း ဆန်ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရသည်။

ဆန်ချောအမျိုးအစား ရွှေဘိုအိုးဝင် တစ်အိတ် ၁၈၀,၀၀၀ ကျပ်၊ ရွှေဘိုထူးထူးရှယ် ၁၆၅,၀၀၀ ကျပ်၊ ကျားပျံ ၁၅၀,၀၀၀ ကျပ်၊ တောင်ပျံ ၁၄၂,၀၀၀ ကျပ်၊ဖျာပုံပေါ်ဆန်းမွှေး ၁၃၆,၀၀၀ ကျပ်၊ ပေါ်ဆန်းရိုးရိုး ၁၁၂,၀၀၀ ကျပ်၊ ရက် ၉၀ ၁၀၀,၀၀၀ ကျပ်ရှိကြောင်း ဆန်လက်လီလက္ကားရောင်းချသူထံက သိရသည်။

ပြည်တွင်းသုံးစွဲမှုများသော စားအုန်းဆီဈေးသည် ယခုတစ်ပတ်စစ်ကောင်စီသတ်မှတ်ချက်တွင် ရန်ကုန် အထိုင်ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းသည် ကျပ် ၆၀၀၀ ကျော်လာပြီဖြစ်သည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ စက်တင်ဘာလ ၂၂ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာ လျှင် ၆,၇၂၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်သည်။

စားအုန်းဆီ ပြင်ပပေါက်ဈေးမှာ ကျပ် ၁၇,၀၀၀ ဖြစ်ပြီး လိုအပ်သလိုဝယ်ယူခွင့်မရပေ။

စစ်ကောင်စီသည် စားအုန်းဆီဝယ်ယူမှုပုံစံပြောင်းလဲလိုက်ရာတွင် ရန်ကုန်မြို့ရှိ ရပ်ကွက်များအတွင်း စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်လုပ်ဆောင်ရသည်။

စာအုန်းဆီကို တယ်လီဖုန်းဆက်၍လည်း ဝယ်ယူနိုင်ကြောင်း စစ်ကောင်စီက ဆိုထားပြီး တစ်အိမ်ထောင်လျှင် နှစ်ပိဿာမှ သုံးပိဿာအထိ၀ယ်ယူခွင့်ရှိပြီး ရပ်ကွက်အလိုက်အပြောင်းအလဲ ရှိကြောင်းသိရသည်။

စားအုန်းဆီကို ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ် ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အခြေခံစားသောက်ကုန်ပစ္စည်း စားဖိုဆောင်သီးနှံဈေးကွက်တွင် ယခုတစ်ပတ်၌ ကြက်သွန်ဖြူ ဈေးမြင့်လာသည်။ကျန်သီးနှံမှား ဈေးအမြင့်မှာပင်ရှိနေသည်။

ယခုတစ်ပတ်တွင် ကြက်သွန်ဖြူ ကြူကုတ်တစ်ပိဿာ ကျပ် ၂၆၀၀၀ ပတ်ဝန်းကျင်အထိ ဈေးမြင့်တက်‌နေသည်။

ကြက်သွန်နီဈေးတက်သည် တစ်ပိဿာ ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်ကြားရှိပြီး အားလူးတစ်ပိဿာ ကျပ် ၇၀၀၀မှ ၁၀၀၀၀ ဖြစ်ကြောင်း ဈေးကွက်အတွင်းသိရသည်။

ထို့ပြင် ကုန်စိမ်းဟင်းသီးဟင်းရွက်တွင် ကန်စွန်းရွက်တစ်စီး ကျပ် ၈၀၀ မှ ၁၀၀၀ ကြားဖြင့် ဈေးမြင့်အမှာပင်ရှိနေသည်။

ယင်းပြင် သားငါးဈေးကွက်တွင် ကြက်သား (CP) ဈေးအနည်းငယ်ကျကာ တစ်ပိဿာ ၁၂,၀၀၀ ကျပ်မှ ၁၅,၀၀၀ ကျပ်ကြားရှိနေပြီး ဝက်သားဈေးတက်ကာ တစ်ပိဿာ ကျပ် ၂၈၀၀၀၊ ငါးဖယ်ခြစ်တစ်ပိဿာ ကျပ် ၄၀,၀၀၀ နှင့် ငါးကြင်း တစ်ပိဿာ ကျပ် ၂၀,၀၀၀ကြောင်းဈေးကွက်အတွင်းစုံစမ်းသိရသည်။

” ကုန်ဈေးတက်က အကုန်တယ်။ အများသုံးတဲ့ပစ္စည်းတွေဈေးပိုတက်တယ်။ တချို့ထိုင်းကုန်ပစ္စည်းတွေ အခုတလောဈေးကျတယ်။ ဈေးက တစ်ရက်နဲ့ တစ်ရက်မတူဘူး။ အပြောင်းအလဲများတယ် ” ဟု ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးက ပြောကြားသည်။

(ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့်ရန်ကုန်မြို့အတွင်းရှိ လက်လီစျေးကွက်နှင့် ညောင်ပင်လေး ဈေးတို့တွင် စက်တင်ဘာ ၃ ရက်မှ ၂၁ ရက်အတွင်း ကောက်ယူထားခြင်းဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ် နိုင်ပါသည်။)

#ဒေါ်လာရွှေစက်သုံးဆီဈေးနှုန်း #အခြေခံစားသောက်ကုန်ဈေးနှုန်း #စျေးကွက်သတင်း #စက်တင်ဘာ၃မှ၂၁ရက်အထိ #Ayeyarwaddy_Times