ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာတွင် စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းထားသည့် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာ ၂၁ ရက်နေ့ နံနက်အစောပိုင်း အချိန်တွင် သုံးဆယ်ပေးကျေးရွာသို့ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တို က်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စင်းဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

“မတ္တရာ ရွာသာအေးကျေးရွာဘက်က တက်လာတဲ့စစ်ကြောင်းနဲ့ ‌ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်တယ်။ စစ်တပ်ဘက်က လေယာဉ်တွေရော၊ အမြောက်တွေရော သုံးပြီး တိုက်တာ။ ပြီးတော့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်က ရွာတွေကိုမီးရှို့သွားတယ်”ဟု မတ္တရာမြို့နယ်ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် မတ္တရာမြို့မှ လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဆူးလေကုန်း ကျေးရွာရှိ ပြည်သူ ငါး ဦးသေဆုံးပြီး လေး ဦးမှာ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

သုံးဆယ်ပေးကျေးရွာနှင့် အနီးတစ်ဝိုက်ကို စစ်ကောင်စီ က လေကြောင်းမှ ပစ်ကူသလို မြေပြင်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အပြင် တော်လှန်ရေးတပ်များ ဆုတ်ခွာသွားချိန်၌ ကျေးရွာများအတွင်း ဝင်ရောက်စစ်ကြောင်းထိုးကာ နေအိမ်များရှိ တန်ဖိုးရှိပစ္စည်းများကို ဖောက်ထွင်းယူဆောင်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မတ္တရာမြို့နယ် ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့က မန္တလေးနန်းတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းသို့ တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံး ငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက မန္တလေးမြို့ မြောက် ဘက်နှငိ့ အရှေ့အရပ်ရှိ ကျေးရွာများကို လက်နက် ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သေးကြောင်း သိရသည်။

ပုံစာ- သုံးဆယ်ပေးရွာကို စစ်ကောင်စီမီးရှို့နေစဉ်
#မန္တလေး #မတ္တရာ #သုံးဆယ်ပေး #စစ်ကောင်စီ #ကာကွယ်ရေးတပ်ဖွဲ့ #တိုက်ပွဲဖြစ် #ကျေးရွာ #မီးရှို့ #Ayeyarwaddy_Times