
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ငါ့သရောက် ဇဂျမ်းလမ်းပေါ်တွင် ကင်းပတ်ပြီးပြန်လာသည့် ငါ့သရောက်ရဲစခန်းမှ စစ်ကောင်စီကား လေးစီးနှင့် ဆိုင်ကယ်သုံးစီးကို တော်လှန်ရေးပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တန်းကို ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့ ညနေ ၃ နာရီ၃၀မိနစ်ခန့်က ညောင်ဦးမြို့နယ် ပကဖနှင့် မဟာမိတ်ညီနောင်များမှ မိုင်းဆွဲ၍ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါး ဦးသေဆုံးပြီး ခုနှစ်ဦးခန့် ပြင်းထန်ဒဏ်ရာများရရှိကာ ညောင်ဦးခရိုင်ဆေးရုံတွင် တင်ထားရသည်ဟု မြို့နယ်ပကဖထံက သိရသည်။
“တိုက်ခိုက်တဲ့နေရာမှာတင် စစ်ကောင်စီတပ်သား သုံးယောက် ပွဲချင်းပြီးတာ။ ကိုးယောက်ပြင်းထန်ဒဏ်ရာရပြီး ခရိုင်ဆေးရုံကိုတင်ထားရတယ်။ နောက်ထပ်ကြား ရတာက နှစ်ယောက်ထပ်သေတယ်။ ပြင်းထန်ဒဏ်ရာရတဲ့လူနာတွေကို ခရိုင်ဆေးရုံကမနိုင်လို့ နေပြည်တော်ကို ဒီနေ့(စက်တင်ဘာ ၂၂)မနက်မှာ သယ်သွားတယ်လို့ သိရတယ်”ဟု ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြို့နယ်တာဝန်ခံ ကိုဇီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကြားဖြတ်၍ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ညောင်ဦးမြို့နယ် ဒုရဲမှူးဝင်းဆန်းသည် မျက်နှာစုတ်ပြတ်ဒဏ်ရာနှင့် လက်မောင်းကျည်ထိမှန်ခဲ့ပြီး မြို့နယ်စစ်ဘက်ရေးရာလုံခြုံရေး(စရဖ)ခေါင်းဆောင် တင်ထွန်းအောင်(ခ)တွတ်ပီသည် ဒဏ်ရာပြင်းထန်ပြီး သေဆုံးသွားသည်ဟုဆိုသည်။ ထို့အပြင် နယ်ထိန်းခေါင်းဆောင် ချစ်မိုးဆိုသူမှာလည်း မျက်နှာစုတ်ပြတ်ဒဏ်ရာများရရှိ၍ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ညောင်ဦးမြို့နယ် ပကဖ(ပုဂံပြည်ဘီလူးတပ်)၊ ညောင်ဦးမြို့နယ် ပကဖ တပ်ခွဲ (၃) ရန်ကြီးအောင် PDF၊ ညောင်ဦးခရိုင် တပ်ရင်း ၅၊ ကျောက်ပန်တောင်း မြို့နယ် ပကဖ၊ Popa Production and guerilla force၊ ညောင်ဦးခရိုင် တပ်ရင်း (၁)၊ Black Tiger တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#မန္တလေး #ညောင်ဦး #စစ်ကောင်စီ #ယာဉ်တန်း #မိုင်းဆွဲခံရ #၅ဦးသေဆုံး #ပုဂံပြည်ဘီလူးတပ် #Ayeyarwaddy_Times