ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ၊ ဟိုင်းကြီးကျွန်းမြို့ ကညင်ချောင်းကျေးရွာမှ ဒေသခံအမျိုးသမီး နှစ်ဦးကို စက်တင်ဘာ ၁၈ ရက်နေ့တွင် စစ်ကောင်စီမှ လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဖမ်းဆီးခံရသူများသည် နံနက်ခင်းအချိန် တောင်ပေါ်သို့ ဟင်းသီးရွက်ခူးရန်သွားစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ ဈေးသွားရောင်းဖို့ အဲ့ဒီညီအမနှစ်ယောက်နဲ့တောင်ပေါ်ကိုဟင်းသီးဟင်းရွက်တွေအတူတူသွားခူးတာ။ ဘယ်အချိန်ထဲကစောင့်နေတာလဲမသိဘူး။တောင်ပေါ်ကအပြန်အဆင်းကိုစောင့်ပြီးတော့ဖမ်းသွားတယ်။ အနားကပ်ရင်သေနတ်နဲ့ပစ်မယ်ဆိုလို့ကျွန်မတို့လည်းခပ်လှမ်းလှမ်းကနေပဲကြည့်နေလိုက်ရတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဖမ်းဆီးခံရသူများကို ဟိုင်းကြီးကျွန်းရဲစခန်းတွင် စစ်ဆေးနေပြီး မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရသည်။
“ ဟိုင်းကြီးကျွန်းရဲစခန်းကိုဖမ်းခေါ်သွားတယ်ပဲသိရတယ်။ နောက်ထပ်ဘာမှဆက်သွယ်လို့မရသေးဘူး။ဘာတွေဖြစ်နေလည်း မသိရသေးပါဘူး။အရမ်းကိုစိတ်ပူနေတယ်။ တမင်တကာချောက်ချခံရပြီးတော့အဖမ်းခံရတာ။သူတို့ကဘာမှသိကြတာမဟုတ်ဘူး”ဟု ဖမ်းဆီးခံရသူများ၏ မိသားစုဝင်တစ်ဦးကဆိုသည်။
ဖမ်းဆီးခံထားရသည့် အမျိုးသမီးနှစ်ဦးအား အကြမ်းဖက်တိုက်ဖျက်ရးဥပဒေပုဒ်မ ၅၀(က)ဖြင့် အမှုဖွင့်လှစ်စစ်ဆေးနေကြောင်း ရဲသတင်းရင်းမြစ်များထံက သိရသည်။
ဟိုင်းကြီးကျွန်းဒေသသို့ တော်လှန်ရေးအင်အားစုများ ဝင်ရောက်နိုင်သည်ဟုဆိုကာ စက်တင်ဘာ ဒုတိယအပတ်ကစ၍ စစ်ကြောင်းထိုးခြင်းအပြင် ဧည့်စာရင်းစစ်ဆေးမှုများလည်း ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။
#ဟိုင်းကြီးကျွန်း#ဒေသခံအမျိုးသမီး၂ဦး#စစ်ကောင်စီဖမ်းဆီး #ငပုတောမြို့နယ် #Ayeyarwaddy_Times