ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ စက်တင်ဘာ ၂၂ ရက်)
“ကပ်ကြီးသုံးပါး ဟူသမျှ ကျော်လွှားကြပါစေ။ သဘာဝဘေး လောကဘေး ငြိမ်အေးကြပါစေ” ဆိုပြီး သီလရှင်ဆရာလေးများရဲ့ဆုပေးစကားသံ ပျံ့လွင့်လာပေမယ့် ကျွန်တော်တို့နိုင်ငံသားတွေဟာ အဲ့ဒီ ဆုတောင်းနဲ့ မပြည့်ဝခဲ့ပါဘူး။
တောင်တရုတ်ပင်လယ်မှလာတဲ့ တိုင်ဖွန်းမုန်တိုင်း “ရာဂီ (Yagi)” ရဲ့ ဒဏ်ကြောင့် မြန်မာနိုင်ငံရဲ့နေရာအနှံ့အပြားမှာ မိုးများခဲ့ပါတယ်။ မုန်တိုင်းအရှိန်ကို အဖျားခတ်ပြီး အနည်းဆုံးသာ ခံရတဲ့နိုင်ငံဖြစ်ပေမယ့်လည်း သဘာဝဘေးအန္တရာယ်ကို အဆိုးရွာဆုံးခံရတဲ့ နိုင်ငံအဖြစ်မှတ်တမ်း ဝင်သွားပါတယ်။
မြန်မာ-ထိုင်း-လာအို နယ်စပ်ရွှေတြိဂံဒေသနှင့် သံလွင်မြစ်ကြောင်းတလျှောက်နှင့် ရှမ်းပြည်နယ်တစ်ခွင် ကရင်နီပြည်နယ်တစ်ခုလုံးနဲ့ မန္တလေးတိုင်းရဲ့ဒေသအချို့မှာ နေ့စဥ်ရက်ဆက် မိုးရွာသွန်းတာကြောင့် ရေကြီးခြင်းတွေ ကြုံတွေ့ခံစားလိုက်ရပါတယ်။
သဘာဝဘေးအန္တရာယ်တွေဆိုတာက မဖိတ်ခေါ်ဘဲဖြစ်ချင်သလိုဖြစ်တတ်တဲ့ အခြေအနေဆိုးတွေပါ။ ဒါပေမယ့်လည်း သဘာဝ ဘေးအန္တရာယ်ကို ကာကွယ်ဖို့အစီအစဉ်တွေ၊ အထိအခိုက်နည်းနည်းနဲ့ သဘာဝဘေးအန္တရာယ် ရင်ဆိုင်ဖို့နည်းလမ်းတွေ၊ သဘာဝဘေးအန္တရာယ်ကနေ ပြန်လည်ထူထောင်ခြင်း တွေ စနစ်ကျကျ ပြင်ဆင်ထားဖို့ကလည်းလိုအပ်ပါသေးတယ်။ ဒီလိုစီစဉ်ထားဖို့ဆိုတာကလည်း ဉာဏ်ပညာမြင့်မားပြီး နှလုံးသားလှတဲ့ ခေါင်းဆောင်ကောင်းမျိုးလိုအပ်ပါတယ်။
ပတ်ဝန်းကျင်ကို စနစ်တကျ မထိန်းသိမ်းတော့ဘဲ ငွေကိုမတရားရယူဖို့အတွက် စစ်ခေါင်းဆောင်တွေနဲ့ ခရိုနီတွေဟာ သစ်ပင်တွေကိုပရမ်းပတာခုတ်ယူတာ၊ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတဲ့ ရွှေငွေ သတ္တုတွေကို အလွန်အမင်းတူးယူတာတွေစတဲ့ လောဘအကျိုးဆက်ကြောင့် ဖြစ်ပေါ်လာရတဲ့ ဒုက္ခတွေကိုတော့ ပြည်သူတွေ အားလုံးအညီအမျှခံစားရတာပါ။
တိုင်းပြည်ဖျက်ပြီး လူတွေကိုသတ်ဖြတ်နေတဲ့ အာဏာရှင်တွေရဲ့ အတ္တတွေကြောင့် တောတောင် တွေလည်း ပြုန်းခဲ့ပြီးပါပြီ။ မြေရှားသတ္တုတူးဖော်ဖို့အတွက် တောင်တန်းတွေလည်းပျက်စီးခဲ့ပါပြီ။ ကျောက်သားထုတ်ယူဖို့အတွက်တောင်တွေလည်း အကန့်လိုက် အမြှောင်းလိုက်အဖြိုခံခဲ့ရပြီးပါပြီ။ ကျောက်မြတ်ရတနာရွှေထွက်တဲ့ဒေသတွေမှာလည်း သယံဇာတကျိန်စာကြောင့် အလွန်အကြူး တူးဖော်ခံရတဲ့ မြေသားတွေဟာလည်း ဇကာပေါက်တွေဖြစ်ကာအင်အားချည့်နဲ့နေနှင့် ပြီးပါပြီ။
မျိုးဆက်သစ်တွေအတွက် သဘာဝလက်ဆောင်ဘာမှမချန်ပဲ တစ်ကိုယ်စာအသုံးပြုသွားကြတဲ့ လူတွေက လူယုတ်မာတွေဆိုတာ သဘောပေါက်ဖို့လိုပါတယ်။ သဘာဝဘေးကျရောက်ချိန်မှာတော့ လူတိုင်းရဲ့အသက်တွေက သေဆုံးခြင်းရဲ့ လက်တစ်ကမ်းမှာရောက်ရှိနေပြီဖြစ်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်ပေးသူတွေကလည်း သဘာဝဘေးခံနေရသူတစ်ယောက်ပဲဆိုတာကိုလည်း သဘောပေါက်နားလည်ပေးထားရပါမယ်။ ဆေးပညာမှာအဆိုတစ်ခုရှိပါတယ်။ ကယ်တင်ပေးသူ အန္တရာယ်ရှိပါက အရဲစွန့်ပြီးမကယ်တင်ပါနှင့်။ ကိုယ်တိုင်အန္တရာယ်တွင်းထဲရောက်ပြီးတော့ ကယ်တင် ရမည့်လူနှစ်ဦးဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်သဘာဝဘေးကျရောက်စဉ်မှာ ကိုယ်တိုင်အန္တရာယ် ကင်းရေးကို နံပါတ်တစ် ဦးစားပေး စဉ်းစားရပါမယ်။
သဘာဝဘေးအန္တရာယ်ကြုံတွေ့ရစဉ်မှာ ဖြစ်ကြတဲ့ ခန္ဓာကိုယ်ထိခိုက်ခြင်းတွေ၊ ရေနစ်မြုပ်ခြင်းတွေ၊ အဆောက်အအုံပြိုခြင်းပိခြင်းတွေ၊ မြေပြိုမှုကြောင့်မြေမြှုပ်ခံသွားရခြင်းတွေ အတွက်ကတော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆရာဝန်တွေရဲ့အားအင်သီးသန့်ဖြင့် ကယ်တင်ဖို့ခက်ခဲပါတယ်။ အစီအစဉ် စနစ်တကျဖြင့် သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ကျော်ဖြတ်ရမှာဖြစ်ပါတယ်။ သဘာဝဘေး အန္တရာယ်အပြီး ကယ်ဆယ်ရမယ့်ရက်တွေမှာတော့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အကူအညီဖြင့် ထိခိုက်ပျက်စီးခဲ့သမျှ ခန္ဓာကိုယ်ရောဂါတွေ စိတ်ရောဂါတွေကို မျှဝေခံစား ကုသပေးရမှာပဲဖြစ်ပါတယ်။
မမျှော်လင့်ဘဲရုတ်ချည်း မိမိတို့မျက်စိရှေ့မှာတင် မိသားစုဝင်တွေအသက်ဆုံးရှုံးခဲ့ရတဲ့ သူတွေရဲ့ စိတ်ကျန်းမာရေးအခြေအနေကိုလည်းဂရုစိုက်ပြီး ကြင်နာဖေးမမျှဝေကူညီရမှာဖြစ်ပါတယ်။ အိုးအိမ် ပိုင်ဆိုင်သမျှ သဘာဝတရားကြီးက ဖျက်ဆီးသွားတာကြောင့် စီးပွားပျက် ဥစ္စာမဲ့၍ စိတ်ဆင်းရဲခြင်း ဒဏ်ဖိစီးနေကြသူ စိတ်ဓာတ်ကျနေသူများကိုလည်း နားလည်နှစ်သိမ့်ပေးကြရပါမယ်။
အရေးပေါ်မဖြစ်မနေလိုအပ်တဲ့ဆေးဝါးတွေကိုလည်းထောက်ပံ့ပေးနိုင်ဖို့စီစဉ်ရပါမယ်။ ရေသန့်နဲ့ ဓာတ်ဆားရည်များထောက်ပံ့ပေးနိုင်ရပါမယ်။ သန့်ရှင်းသောရေရဖို့အတွက် ရေကို အမြန် စနစ်တကျ သန့်စင်တဲ့နည်းလမ်းတွေ အလွယ် တကူရေသန့်နိုင်တဲ့ နည်းလမ်းတွေကို မျှဝေပေးရမှာ ဖြစ်ပါတယ်။
အိမ်သာစနစ်တကျသုံးဖို့နဲ့ အစားအသောက်သန့်ရှင်းမှုတွေကို စီမံခန့်ခွဲဖို့ကလည်းမဖြစ်မနေ ဂရုစိုက်ပေးရမယ့် ကျန်းမာရေးစောင့်ရှောက်မှုတွေပဲဖြစ်ပါတယ်။
သွေးတိုးရောဂါထိန်းဆေးဝါးတွေ၊ ဆီးချိုရောဂါသောက်ဆေးဝါးတွေ၊ တီဘီရောဂါကုဆေးဝါးတွေ၊ သွေးကျဲဆေး၊ ဟော်မုန်းဆေး၊ ပန်းနာရင်ကြပ်ကုသဆေးဝါးတွေ စတဲ့ နာတာရှည်ရောဂါတွေ ကုသတဲ့ဆေးဝါးတွေကို သဘာဝဘေးသင့်နေတဲ့ ပြည်သူတွေထံမှာ ပြတ်လပ်မှုမရှိစေဖို့ ဖြည့်တင်းပေးပြီး ကျန်းမာရေးဝန်ထမ်းတွေက ကြိုးစားပြီး ကုသပေးရမှာဖြစ်ပါတယ်။
သဘာဝဘေးအန္တရာယ်ကျရောက်ပြီးပါက အများပြည်သူတွေမှာ ပျံ့နှံ့ဖြစ်ပွားတတ်တဲ့ ဝမ်းရောဂါတွေ ခြင်၊ယင်၊အင်းစက်ပိုမွှားမျိုးမှတစ်ဆင့်ကူးစက်တတ်သောရောဂါတွေ၊ အစာအဆိပ်သင့်ရောဂါတွေ၊ အရေပြားကူးစက်ရောဂါတွေ စတဲ့ရောဂါကာကွယ်ရေးနည်းလမ်းတွေကို ရှင်းပြပြီး ရောဂါ မဖြစ်ပွားအောင်ထိန်းချုပ် ကာကွယ်ထားနိုင်ရပါမယ်။ များပြားလွန်းတဲ့ဒုက္ခသည်အရေအတွက်နဲ့ ချိန်ဆပါက ကျန်းမာရေးဝန်ထမ်းတွေနည်းပါးလွန်းလှတာကြောင့် အချိုးမမျှဘဲဖြစ်နိုင်တာမို့ မိမိကိုယ် တိုင်ရဲ့ ကျန်းမာရေးကိုလည်းဂရုစိုက်စောင့်ရှောက်ဖို့လိုပါတယ်။
မိမိတို့နေထိုင်တဲ့ကျေးရွာ မြို့ပြဒေသတွေရဲ့ အနာဂတ်ပြန်လည်ကောင်းမွန်ရန်အတွက် အိမ်ရာ တည်ဆောက်ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ ရေစီးဆင်းမှုစနစ်မျှတအောင်ထိန်းခြင်းတွေကို ကာလတို၊ ကာလရှည် အစီအစဉ်တွေနဲ့ ပြန်လည် ထူထောင်ရေးပြုလုပ်ရမှာဖြစ်ပါတယ်။
ကာကွယ်တားဆီး၍ ရနိုင်သော သဘာဝဘေးအန္တရာယ်တွေကိုလည်း ကာကွယ်နိုင်ကြစေဖို့ အကြုံပြု လိုပါတယ်။ သဘာဝဘေးဖြစ်ပေါ်လာပါက ပို၍အထိနာစေနိုင်သော တောင်ဖြိုခြင်း၊ ရွှေကျင်ခြင်း၊ သစ်ခုတ်ခြင်း၊ မြေရှားသတ္တုနှင့် ကျောက်ရှာဖွေခြင်း ကိစ္စများကို ဆန့်ကျင်တွန်းလှန်ကြပါ။ ဒုက္ခသည် အချင်းချင်းစာနာခြင်းမေတ္တာဖြင့်လက်ယှက်တွဲ ဖေးမကူညီကြပါ။
တိုင်းပြည်သယံဇာတတွေကိုကာကွယ်ပေးမယ့် ပညာတတ်ပြီး လူစိတ်ရှိတဲ့ ခေါင်းဆောင် ကောင်းတွေရနိုင်ဖို့ တော်လှန်ရေးကိုလည်း ဖေးမကူညီရင်း သဘာဝဘေးဒဏ်အဆိုးရွားဆုံး ဖြစ်အောင်ဖန်တီးတဲ့ တရားခံ ခရိုနီသူဌေးတွေနဲ့ တပ်မတော်ခေါင်းဆောင်တွေရဲ့ ဒုက္ခပေးခြင်းမှာလည်း လွတ်မြောက်ကြပါစေကြောင်း ဆုတောင်းပေးပါတယ်။
နောက်တစ်ပတ်မှာတော့ အိမ်မွေးတိရစ္ဆာန် ကြောင်နဲ့ခွေးမွေးခြင်းရဲ့ကျန်းမာ ရေးကောင်းကျိုး၊ ဆိုးကျိုးတွေကို တင်ဆက်ပေးမှာဖြစ်တာကြောင့် ဧရာ၀တီတိုင်းမ် ပရိသတ်များ စောင့်မျှော် ကြပါဦးခင်ဗျာ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #သဘာဝဘေးအန္တရာယ်နှင့်ရှင်သန်နေထိုင်ကြခြင်း #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)