(တီးတိန်)၊ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်

 

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဘဲ့ကန့်ကျေးရွာတွင် မြေမြုပ်မိုင်းနင်းမိ၍ ဒေသခံ အမျိုးသားနှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၂ ရက်နေ့ မနက်တွင် အမျိုးသားနှစ်ဦးသည် အမဲလိုက်သွားရာတွင် စစ်ကော်မရှင် ထောင်ထားသည့်မြေမြုပ်မိုင်းနင်းမိခြင်းဖြစ်သည်။

 

“စစ်ဘေးရှောင်နေရာကနေ အိမ်ပြန်လာကြပြီး မိသားစု စားဝတ်နေရေးအတွက် အမဲလိုက်ကြတာပါ။ အဲမှာ စစ်သားတွေ ထောင်တဲ့မိုင်း နင်းကြပြီး သေဆုံးသွားတယ်”ဟု တီးတိန်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဘဲ့ကန့်ရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ဝင်ရောက်အခြေချပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။

 

ထို့နောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ရွာထဲရှိ အရပ်သား လူနေအိမ်များ ဖောက်တွင်းပြီး ရွာအနီးအနားတွင် မြေမြုပ်မိုင်း ထောင်ထားခဲ့ကြောင်း သိရသည်။

 

“ရွာထဲကို စစ်သားတွေဝင်ကတည်းက ရွာသားတွေက အားလုံးထွက်ပြေးကြတယ်။ အခုရွာက စစ်ကြောင်းတွေ ဖလမ်းဘက်ချီတက်ကြလို့ ရွာသားတချို့က ပြန်ဝင်လာတယ်။ အဲမှာ စစ်သားတွေကနေအိမ်တွေဖောက်၊ မိုင်းတွေထောင်ထားခဲ့တယ်”ဟု တီးတိန်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်နေ့ညကလည်း ဘဲ့ကန့်ရွာအနီးအနားဝန်းကျင်ကိုလည်း စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

 

အမေရိကန်သတင်းထောက်တစ်ဦးလည်း နိုဝင်ဘာလ ၁၈ ရက်နေ့ တီးတိန်မြို့နယ်အတွင်း စစ်ကော်မရှင်နှင့် ချင်းတော်လှန်ရေးတပ်တို့အကြားဖြစ်ပွားသည့် တိုက်ပွဲ သတင်းယူနေစဥ် မြေမြှုပ်နင်းမိသောကြောင့် ဒဏ်ရာရရှိခဲ့သည်။