ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်

 

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြင်ဦးလွင်မြို့သည် ပန်းမြို့တော် ဖြစ်လာရမည်ဟုဆိုကာ ဒေသပန်းမျိုး၊ နိုင်ငံခြားဖြစ် ပန်းမျိုးများ စိုက်ပျိုးပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်ရန် ဆောင်ရွက်သင့်ကြောင်း ပြောကြားလိုက်သည်။

 

သို့သော်လည်း စစ်ခေါင်းဆောင် လာရောက်ကြည့်ရှုခဲ့သော ပြင်ဦးလွင်မြို့ရှိ အမျိုးသား ကန်တော်ကြီး ဥယျာဉ်တွင် ကျင်းပမည့် ပန်းပွဲတော်အတွက်ပင်လျှင် ပြည်ပမှ ပန်းအမျိုးအစား ခြောက်သောင်းခန့် တင်သွင်းအလှပြရမည့် အခြေအနေ ရှိနေသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၂ ရက်နေ့က ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီးဥယျာဉ်သို့ သွားရောက်စဉ် ယင်းသို့ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

 

 

“ဒေသပန်းမျိုးတွေ၊ နိုင်ငံခြားပန်းမျိုးတွေ အားလုံးဖြစ်ထွန်းအောင်မြင်အောင် ဆောက်ရွက်ပြီးတော့ အခြားဒေသတွေကို ဖြန့်ချိပေးနိုင်ရမယ်။ ဒါ့အပြင် ပြင်ပနိုင်ငံတွေကိုလည်း ပန်းတွေတင်ပို့ရောင်းချ နိုင်ရမယ်။ ပြင်ဦးလွင်မှာ ပန်းစိုက်ပျိုးမှုအားပေး ဆောင်ရွက်သွားမယ်” ဟု စစ်ခေါင်းဆောင်က ပြောကြားသည်။

ထို့ပြင် ၎င်းက ဆက်လက်၍ ပြင်ဦးလွင်ဒေသအတွင်း ပန်းစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးအတွက် ကျွမ်းကျင်ပညာရှင်များဖြင့် စနစ်တကျလုပ်ရန်၊ ဒေသပန်းမျိုးများကို ထိန်းသိမ်းခြင်း၊ အရည်အသွေး တိုးတက်အောင် သုတေသနပြုရန်နှင့် နိုင်ငံခြားမျိုးများကို ဒေသတွင်း အောင်မြင်ဖြစ်ထွန်းစွာ စမ်းသပ်ရန် လိုကြောင်း ပြောဆိုခဲ့သည်။

 

ပြင်ဦးလွင်မြို့အတွင်းရှိ လမ်းများနှင့် ရပ်ကွက်များတွင် သစ်ပင်ပန်းမန်များ စိုက်ပျိုး၍ မျက်စိပသာဒ ဖြစ်စေရေး ဆောင်ရွက်သွားရန်ကိုလည်း ၎င်းက ညွှန်ကြားခဲ့သည်။

 

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် လာမည့် ဒီဇင်ဘာ ၆ ရက်နေ့မှ ဇန်နဝါရီ ၄ ရက်နေ့အထိ ၁၈ ကြိမ်မြောက် ပန်းပွဲတော်ကို ကျင်းပမည်ဖြစ်သည်။

 

အဆိုပါ ပန်းပွဲတော်တွင်-ပြည်တွင်းပန်းပွင့် သုံးသိန်း ခန့်နှင့် ပြည်ပ (နိုင်ငံခြား) မှ ဟော်လန်ဂန္ဓာ၊ လီလီ၊ နေကြာ စသည့် ပန်း ခြောက်သောင်း ခန့်ဖြင့် အလှပြထားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – MOI