ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲနီးလာသည့်တိုင် ပြည်သူများမှာ မဲပေးရွေးချယ်ရန် စိတ်ဝင်စားမှုမရှိသည့်အတွက်ပြည်သူများကို ခြိမ်းခြောက်မှုများပြုလုပ်လာကြောင်း သိရသည်။
ယခုနိုဝင်ဘာလကုန်ပိုင်းတွင် မြို့နယ်အချို့၌ ဒုတိယပိုင်း မဲစာရင်းကြေညာချက်များ ထုတ်ပြန်ပြီးနောက် ပြည်သူများကို မဲစာရင်းစစ်ခိုင်းရာ သွားရောက်စစ်ဆေးသူမရှိသလောက်နည်းပါးပြီး မဲပေးရန်စိတ်ပါဝင်စားမှုမရှိသည့်အပေါ် စစ်ကော်မရှင်လက်အောက်ခံများက ခြိမ်းခြောက်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။

“မဲမထည့်ရင် တစ်ယောက်ကို သုံးသိန်းကောက်မယ်လို့ ပြောတယ်။ သူတို့လက်ထဲမှာ သန်းခေါင်းစာရင်းအတိအကျရှိပြီး မဲစာရင်းလက်မှတ်တွေပါ အတိအကျလုပ်ထားလို့ ဘယ်သူမဲမထည့်ဘူးဆိုတာ သိနိုင်တယ်။ အဲဒီအတွက် မဲလာမပေးတဲ့သူကို သုံးသိန်းဒဏ်ငွေဆောင်ခိုင်းမှာလို့ တာဝန်ရှိတဲ့သူတွေက ပြောနေကြတယ်”ဟု သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာအပိုင်မှ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သန်လျင်မြို့နယ်အတွင်းရှိ အပိုင်ကျေးရွာရပ်ကွက်များတွင် ပထမအကြိမ်ထုတ်ပြန်သည့် မဲစာရင်းများမှာ မှားယွင်းနေသည့်အတွက် ပြီးခဲ့သည့် နိုဝင်ဘာ ဒုတိယပတ်မှစတင်ကာ မဲစာရင်းများကို ဒုတိယအကြိမ်ထုတ်ပြန်ပြီး မဲစာရင်းလာရောက်စစ်ဆေးရန် ရပ်ကွက်ကျေးရွာများအတွင်း အုပ်ချုပ်ရေးမှူးများက လိုက်လံအကြောင်းကြားခဲ့သည်။

မဲစာရင်းသွားရောက်စစ်ဆေးသူများကို ရွေးကောက်ပွဲနေ့၌ လာရောက်မဲမပေးပါက ဒဏ်ငွေများခေါ်ယူကောက်ခံသွားမည်ဟု အုပ်ချုပ်ရေးအပိုင်းနှင့် နီးစပ်သူများမှတစ်ဆင့် သတင်းလွှင့်ခိုင်းထားကြောင်း သိရသည်။
“ကျွန်မတို့ဆိုရင် ဗိုလ်ချုပ်အပိုင်ထဲက မူလတန်းကျောင်းတစ်ခုမှာ သွားထည့်ရမယ်။ ကျွန်ယောက်ျားကတော့ ကျွန်မတို့နေတဲ့ ရပ်ကွက်ထဲပဲ မဲထည့်ရမယ်။ တစ်အိမ်ထဲမှာကို မဲထည့်ရမယ့်မဲရုံက ကွဲနေတယ်”ဟု သန်လျှင်မြို့နယ်တွင်းမှ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကော်မရှင်က လက်အောက်ခံဌာနဆိုင်ရာများမှ ဝန်ထမ်းများကို မဖြစ်မနေမဲပေးရန်ဖိအားပေးထားပြီး မဲစာရင်းစစ်သည့် သက်သေခံအထောက်အထားများကိုပါ ဆိုင်ရာဌာနမှူး၊ ညွှန်မှူးများမှတစ်ဆင့် ဝန်ကြီး ဌာနအထိ တင်ပြခိုင်းထားသည်။
ဓာတ်ပုံ-ကြံ့ဖွံ့၊ ပြည်သူ့ပါတီ၊ ppp မဲဆွယ်စည်းရုံးနေစဉ်