ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်

ယနေ့ကျရောက်သည့် ကမ္ဘာ့မသန်စွမ်းသူများနေ့တွင် စစ်ကော်မရှင်က မသန်စွမ်းသူများအတွက် ၎င်းတို့လုပ်ဆောင်နေသည့် အခြေအနေအချို့ကို ထုတ်ပြန် လာသော်လည်း မြေပြင်တွင် မသန်းစွမ်းသူများမှာ စစ်ကော်မရှင်ထံမှ ထိရောက်သည့် အကူအညီရရှိခြင်း မရှိကြောင်း သိရသည်။

စစ်ကော်မရှင်က မသန်စွမ်းအရေးနှင့်ပတ်သက်ပြီး အမြင်အာရုံချို့တဲ့သူများအတွက် စာအုပ်ထုတ်ဝေခြင်း၊ အစိုးရမသန်စွမ်းကျောင်းများအတွက် လိုအပ်သည့် အကူအညီများပေးနေသည်ဟု စစ်ကော်မရှင် လက်အောက်ခံသတင်းစာများ၌ ဖော်ပြလာသည်။

မြေပြင်တွင်မူ မသန်စွမ်းအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို စစ်ကော်မရှင်က ကန့်သတ်လာသည့်အတွက် အဖွဲ့အစည်းအချို့ လုပ်ငန်းများ ရပ်ဆိုင်းကုန်ကြောင်း သိရသည်။

“ကျွန်မတို့ မသန်စွမ်းအသင်းကို အစိုးရအသိအမှတ်ပြုရေး ပြောရရင် လက်ရှိအာဏာသိမ်းထားတာက သူတို့ဆိုတော့ အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်ပြုနိုင်ခွင့်အတွက် စာရွက်စာတမ်းတွေ နေပြည်တော်ကို အခေါက်ခေါက် အခါခါသွားရတယ်။ ဒါပေမဲ့ အခုချိန်ထိ ဘာအချက်အလက်မှ ပြန်ချပေးတာမျိုး မရှိဘူး။ လုပ်ငန်းတွေကို အားမပေးဘူးပေါ့နော်”ဟု မသန်စွမ်းအရေးလှုပ်ရှားနေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကော်မရှင်က မသန်စွမ်းပုဂ္ဂလိကအသင်းများ တင်သွင်းလာသည့် အချက်အလက်များကိုသာ ရယူထားပြီး အကူအညီပေးရေးအတွက် လှုပ်ရှားမှုမရှိကြောင်း သိရသည်။

နိုင်ငံတကာမှ မသန်စွမ်းအသင်းများအတွက် ငွေကြေး စသည့် ကူညီထောက်ပံ့မှုများကိုလည်း မသန်စွမ်းများထံ တိုက်ရိုက်စီးဆင်းနေမှုအပေါ် စောင့်ကြည့်အပြစ်တင်မှုများရှိကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကော်မရှင်ကြောင့် မသန်စွမ်းသူများအခွင့်အရေးမှာ ပိုမိုနိမ့်ကျသွားပြီး အကူအညီများလိုအပ်နေကြောင်း UN အစီရင်ခံစာတွင် တွေ့ရသည်။

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီပေးရေးရန်ပုံငွေမှာလည်း မြေပြင်လိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်းသာရရှိစည့်အတွက် အရပ်ဘက်နှင့် ပရဟိတအဖွဲ့များ၏ ကူညီထောက်ပံ့မှုနှင့် ရပ်တည်လာရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေစုစုပေါင်း၏ ၁၃ ရာခိုင်နှုန်း လူဦးရေ ၅ဒဿမ ၉ သန်းသည် မသန်စွမ်းသူများဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ပွဲနှင့် လက်နက်ကိုင်ပဋိပက္ခများ၊ မြေမြုပ်မိုင်းများကြောင့် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများ ပိုမိုတိုးပွားလာပြီး အကူအညီရရှိရန် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။