နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်
အာဏာသိမ်း စစ်ကော်မရှင်သည် စစ်ရေးအရှိန် တိုးမြှင့်လာမှုနှင့်အတူ တရုတ်အစိုးရ အထောက်အပံ့ များဖြင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများကို ၎င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲ အလွန်တွင် စတင်နိုင်ရန် ပြင်ဆင်နေကြောင်း ဝါဒဖြန့်သတင်းစာ ထုတ်ပြန်ချက်များနှင့် နိုင်ငံရေး အကဲခတ်များထံမှ သိရသည်။
ထို့အတွက် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် CMEC စီမံကိန်းများနှင့် ပတ်သက်၍ ၎င်းဦးဆောင်မှုအပါအဝင် သက်ဆိုင်ရာ ကော်မတီများကို မကြာသေးမီ လပိုင်းအတွင်း၌ ဖွဲ့စည်းထားပြီး တရုတ်သမ္မတအပြင် တာဝန်ရှိသူများကို အကြိမ်ကြိမ် ကတိကဝတ်ပေးကာ အကူအညီများ တောင်းထားသည်။
“ယူဆတာကတော့ ရွေးကောက်ပွဲအလွန်ကာလအတွက် ပြင်ဆင်နေတာပါပဲ။ စီမံကိန်းကြီးတွေဆိုတော့ အချိန်ယူ ပြင်ဆင်ရတယ်။ CMEC စီမံကိန်းတွေက ရွေးကောက်ပွဲလွန်ကာလမှာ စလာမယ်လို့ ယူဆပါတယ်” ဟု တရုတ်စီမံကိန်းများအကြောင်း သိရှိနားလည်ထားသူ မြန်မာ့အရေး အကဲခတ် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
CMEC စီမံကိန်းများသည် တရုတ်သမ္မတ၏ အိပ်မက်ဖြစ်သည့် ရပ်ဝန်းနှင့် ပိုးလမ်းမ (BRI)အစီအမံ အစိတ်အပိုင်းဖြစ်ပြီး တရုတ်မှ ဥရောပတိုက်အထိ အာရှအလယ်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် ရှရှား တို့အား ဖြတ်သန်းသွားမည်ဖြစ်ကာ မြန်မာမှတဆင့် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရစေရန် ရည်ရွယ်ထား ကြောင်း သိရသည်။
ထိုကဲ့သို့ တရုတ်အကျိုးစီးပွား ဖြစ်ထွန်းစေမည့် CMEC စီမံကိန်းများတွင် ရထားလမ်း၊ ကားလမ်း၊ အထူးစီးပွားရေးဇုန်၊ ဆိပ်ကမ်းများနှင့် မြို့သစ်စီမံကိန်းများ ပါဝင်နေပြီး ရန်ကုန်၊ မန္တလေး၊ ကချင်၊ ရှမ်း၊ ရခိုင်၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တလျှောက်ရှိ နေရာများ၌ ဖော်ဆောင်မည်ဖြစ်ကာ စီမံကိန်းအရေ အတွက်မှာ ၃၅ ခုထက်မနည်းရှိကြောင်း သိရသည်။
စစ်ခေါင်းဆောင်သည် စစ်အာဏာသိမ်းမှုအား ထောက်ခံကူညီနေသည့် တရုတ်အစိုးရကို ကျေးဇူးတင် ကြောင်း ပြောဆိုထားပြီး CMEC စီမံကိန်းများနှင့် မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဇုန်တို့ အမြန်ဖော်ဆောင်ရန်အတွက် ၎င်းကိုယ်တိုင်ဦးဆောင်သည့် ကော်မတီတစ်ခုကို မကြာသေးမီကပင် ဖွဲ့စည်းခဲ့သည်ကို ထုတ်ပြန်ချက်အရ သိရသည်။
BRI အစီအမံ အကောင်အထည်ဖော် ဆောင်ရွက်ရေး ဦးဆောင်ကော်မတီဟု ဖွဲ့စည်းထားခြင်းဖြစ်ပြီး CMEC ၌ ပါဝင်သော မူဆယ်-မန္တလေး ရထားလမ်းသစ် ဖောက်လုပ်ရေး စီမံကိန်းကော်မတီ၊ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းဖော်ဆောင်ရေး ကော်မတီ စသည့်တို့ကိုလည်း စစ်ကော်မရှင်က ယခုနှစ်အတွင်း ဖွဲ့စည်းထားကြောင်း သိရသည်။
အဆိုပါကော်မတီများကို စစ်ကော်မရှင်က ဖွဲ့စည်းဆောင်ရွက်ခြင်းသည် တရုတ်နိုင်ငံ၏ စီးပွားရေး ပရောဂျက်များအား အလျင်စလို ဆောင်ရွက်လိုခြင်းနှင့် နိုင်ငံရေးအရ အထောက်အပံ့များ ရယူလိုခြင်းကို အဓိကပြသနေပြီး ပဋိပက္ခများ၊ စိန်ခေါ်မှုများသာ ရင်ဆိုင်ရနိုင်ကြောင်း မြန်မာ့အရေးအကဲခတ် ဦးလှစိုးဝေက ထောက်ပြသည်။
“မြန်မာနိုင်ငံရဲ့ လက်ရှိစစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေကြောင့် ကောင်းမွန်တဲ့ စီးပွားရေး အကျိုးကျေးဇူးတွေထက် ကြွေးမြီထောက်ချောက်၊ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာခြင်းအပြင် ဒေသခံ တွေရဲ့ ဆန့်ကျင်မှု စတဲ့စိန်ခေါ်မှုတွေကိုသာ ပိုမိုရင်ဆိုင်ရဖွယ် ရှိနေပါတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင်ကမူ နှစ်နိုင်ငံ မီးရထားလမ်းစီမံကိန်း၏ ပထမခြေလှမ်းဖြစ်သည့် မူဆယ်-မန္တလေး မီးရထားလမ်းသစ် ဖောက်လုပ်ရေး စီမံကိန်းကို ဆောင်ရွက်နေသဖြင့် ရင်းနှီးမြှုပ်နှံ၍ ကုန်သွယ် နေကြသည့် တရုတ်လုပ်ငန်းရှင်များအတွက် နစ်နာမှုမရှိစေရန် ကြိုးပမ်းပေးမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ပြောဆိုထားသည်။
တရုတ်-မြန်မာ မီးရထားလမ်းစီမံကိန်းသည် CMEC တွင် ပါဝင်နေသော စီမံကိန်းတစ်ခုဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်းရှိ မူဆယ်မြို့မှ မန္တလေး၊ ထိုမှတဆင့် ရခိုင်ပြည်ရှိ ကျောက်ဖြူမြို့အထိ ဆက်သွယ်ဖြတ်သန်းမည်ဖြစ်သလို စုစုပေါင်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခန့် ရှိနိုင်မည်ဟုလည်း လေ့လာသူများက သုံးသပ်ထားသည်။
ဓာတ်ပုံ- MOI