ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်

ပြည်သူ့ကာကွယ်ရေးစစ်သင်တန်းအတွက် ထောက်ပံ့ကြေးပေးမှသာ ဆောင်းသီးနှံနှင့် နွေစပါးအတွက် ချေးငွေထောက်ခံစာထုတ်ပေးသွားမည်ဟု အုပ်ချုပ်ရေးအဖွဲ့အစည်းများက ရေကြည်ဒေသခံလယ်သမားများကို ခြိမ်းခြောက်အကျပ်ကိုင်နေကြောင်း သတင်းရရှိသည်။

ရေကြည်မြို့နယ်ရှိ ရေဘေးသင့်ဒဏ်ခံကြုံတွေ့ခဲ့ရသော ကျေးရွာများအနေဖြင့် လက်ရှိဖွင့်လှစ်နေသော ပြည်သူ့ကာကွယ်ရေးစစ်သင်တန်းအပတ်စဉ်များအတွက် သင်တန်းထောက်ပံ့ကြေးပေးရန် အကျပ်ကိုင်နေခြင်း ဖြစ်သည်။

“ ကာကွယ်ရေးသင်တန်းအတွက် ထောက်ပံ့ကြေးပေးမှ နွေစပါးချေးငွေကိစ္စ ထောက်ခံစာထုတ်ပေးမယ်ဆိုပြီးတော့ အကျပ်ကိုင်ခံနေရတယ်။ အဲ့လိုအကျပ်ကိုင်နေတာက ရာအိမ်မှူးတွေနဲ့ ဆယ်အိမ်မှူးတွေ ပျူတွေလည်းပါတယ်။ အစည်းအဝေးလည်းခေါ်ပြောတယ်”ဟုရေဘေးသင့်ဒဏ်ကြုံတွေ့ခဲ့ရသော ကျောင်းစုကျေးရွာရှိ ဒေသခံလယ်သမားတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် ရေကြည်မြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ တတိယအပတ်အတွင်း ကြို့ကုန်း၊ ကျောင်းစု၊သံတင်း၊သရက်ပင်လှ၊ရေကျော်၊ဇီးကုန်းနှင့်ဆန်နီကျေးရွာများတွင် ရေဘေးသင့်ခဲ့သည့်အတွက် ဒေသခံလယ်သမားများအနေဖြင့် ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲများဖြင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

“ ရေမြုပ်လယ်တွေ ပြန်လုပ်ဖို့တောင် အကုန်ချေးငှားထားရတာ။ ရွာကရာအိမ်မှူးတွေနဲ့ အုပ်ကြီးက အဆိုးဆုံးပဲ။သူ့တို့အိမ်ကလူတွေကိုသင်တန်းမပါအောင် လုပ်ထားတာ။ ရွာထဲမှာကြည့်မရတော့ဘူးဆိုတာနဲ့ကို စစ်သင်တန်းထဲထည့်လို့ မနည်းလိုက်ထုတ်ရတယ်။အခုလည်းသင်တန်းစရိတ်မပေးဘူးဆိုရင် စိုက်ပျိုးချေးငွေအတွက် ထောက်ခံစာမရရင် အဆင်မပြေနိုင်ဘူး” ဟု ကြို့ကုန်းကျေးရွာ ဒေသခံတစ်ဦးကဆိုသည်။

ရေကြည်မြို့နယ်တွင် ရေနစ်မြုပ်ခဲ့သော လယ်ဧက ၁၀၀၀ ကျော်ရှိရာ ပြန်လည်လုပ်ကိုင်နိုင်သော လယ်ဧကမှာ ဧက ၄၀၀ ခန့်သာရှိကြောင်း ဒေသခံလယ်သမားများထံက သိရသည်။

#ပြည်သူ့ကာကွယ်ရေးစစ်သင်တန်း #ထောက်ပံ့ကြေး #စိုက်ဘဏ်ချေးငွေ #ဧရာဝတီ #ခြိမ်းခြောက်အကျပ်ကိုင် #Ayeyarwaddy_Times