
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၁ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် တော်လှန်ရေးအဖွဲ့များနှင့် ဆက်စပ်သည်ဟုဆိုကာ ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီကဖမ်းဆီးကာ စစ်ဆေးနေကြောင်းသိရသည်။
မအူပင်မြို့နယ် အောင်ဟိတ်ကျေးရွာအုပ်စုရှိ အင်းမကျေးရွာတွင် ပြီးခဲ့သည့်စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်၊ရဲ၊ပျူစောထီး အဖွဲ့ဝင်အင်အား (၃၀)ကျော်သည် ကင်းပုန်းချစဉ် တော်လှန်ရေးနှင့်ဆက်စပ်သည်ဟုဆိုကာ လူငယ်အမျိုးသားတစ်ဦးဖမ်းဆီးခံရမှု ဖြစ်စဉ်ဖြစ်ပွါးခဲ့ကြောင်းဒေသခံများထံက သိရသည်။
“ သတင်းပေးရှိလို့ ခလရ-၂၇ရယ် ပြည်သူ့စစ်တွေရယ် မြို့နယ်နဲ့ကျေးရွာရဲကင်းကအဖွဲ့ရယ် အင်အား၃၀ နဲ့ ကင်းပုန်းချပြီးဖမ်းကြတယ်။ တစ်ယောက်ကတော့မိသွားပြီးနောက်လူငယ်တစ်ယောက်ကတော့ ထွက်ပြေးသွားတယ်။ အခုထိ တော့လွတ်နေတုန်းပဲ”ဟု မျက်မြင်တွေ့ရှိခဲ့ရသည့် အင်းမကျေးရွာဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီပူးပေါင်းအဖွဲ့၏ ဖမ်းဆီးခံထားရသော အမျိုးသားအား ခလရ-၂၇ တွင် ယနေ့ စက်တင်ဘာလ ၂၀ရက်နေ့အထိ စစ်ကြောရေးလုပ်ဆောင်နေကြောင်း သိရသည်။ ထို့အပြင် ဖမ်းဆီးခံရသူနှင့် ဆက်စပ်သည်ဟုဆိုကာ ရာအိမ်မှူး သုံးဦးအပါအဝင် အမျိုးသား ရှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရဲသတင်းရင်းမြစ်များထံက သိရသည်။
ဖမ်းဆီးခံရသူများ၏ ကွင်းဆက်ဆက်စပ် သူများဟုဆိုကာ အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ရှစ်ဦးကို ထပ်မံဖမ်းဆီးထားပြီး ငွေကျပ်သိိန်းရာချီတောင်းခံမှုများရှိနေကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များထံက သိရသည်။
#မအူပင် #တော်လှန်ရေးတပ်ဖွဲ့ #ဆက်စပ်ဟုဆိုကာ #ဒေသခံ၃၀ကျော်ကို #ဖမ်းဆီးစစ်ဆေး #Ayeyarwaddy_Times