
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၁ ရက်
ရေကြီးရေလျှံမှုနှင့် မြေပြိုကျမှုကြောင့် လူဦးရေ ၃၀၀ ကျော်သေဆုံးပြီး ပျောက်ဆုံးသူ ၈၆ ဦးရှိကြောင်း စစ်ကောင်စီ၏ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။
တိုင်းနှင့် ပြည်နယ် ရှစ်ခုရှိ မြို့နယ် ၅၆ မြို့နယ်တွင် ရေကြီးရေလွှမ်းမိုးမှု၊ တောင်ကျချောင်းရေကျဆင်းမှုနှင့် မြေပြိုမှုများကြောင့် ရေဘေးသင့်သူ ( ၅၆၉,၂၈၁) ဦး ရှိပြီး သေဆုံးသူ ၃၂၈ ဦး၊ ပျောက်ဆုံးသူ ၈၆ ဦးနှင့် ဒဏ်ရာရသူ ၄၈ ဦးရှိကြောင်း စက်တင်ဘာ ၂၀ ရက်နေ့ နေ့စွဲဖြင့်ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် သဘာဝဘေးကြောင့်သေဆုံးရသူတစ်ဦးချင်းစီအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ် ငါးသိန်းအပါအဝင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ကျပ် သုံးသိန်း စုစုပေါင်း ရှစ်သိန်းကျပ်ထောက်ပံ့မည်ဟု ထုတ်ပြန်ထားသည်။
မန္တလေးတိုင်းအတွင်းရှိ ရမည်းသင်းမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် တောင်ကျချောင်းရေ အရှိန်ပြင်းထန်မှုကြောင့် နေအိမ်များအလုံးလိုက်ကျွတ်ထွက်ကာ လူများပါမျောပါပျောက်ဆုံး၊ သေဆုံးသွားရကြောင်း ရေဘေးကူညီကယ်ဆယ်သူများထံမှ သိရသည်။
“ တစ်အိမ်ထဲမှာ ခုနှစ်ယောက်ရှိတာ တစ်ယောက်မှမရှိတော့ဘူး။ အရမ်းကပ်ဆိုးကြီးကျသွားတာ။ သပြေပင်ကျေးရွာ အိမ်တွေအကုန်လုံးမြုပ်ကုန်တယ်။ နှစ်ထပ်တိုက်က တစ်ထပ်မြုပ်သွားတယ်။ ရွာကြီးက ရေပြင်ပုံစံကြီးဖြစ်သွားတယ်။ ဘုန်ကြီးကျောင်းက နံရံပဲကျန်တယ်” ဟု ရေဘေးကူညီကယ်ဆယ်ရေးလုပ်သူ တစ်ဦးက ပြောသည်။
အဆိုပါသဘာဝဘေးအန္တရာယ်ကြောင့် နေအိမ်ပျက်စီးမှု ၁၄၇၂ လုံး ၊ စာသင်ကျောင်း ၄၉၈ ၊ ရုံးဌာန/ အဆောက်အအုံ ၂၀၇ ၊ ဘာသာရေးအဆောက်အအုံ ၄၃၅ ၊ ရေဘေးရှောင်စခန်း ၄၂၂ လုံး အပါအဝင် လမ်းတံတားပျက်စီးမှု ၅၃၅၊ ဓာတ်တိုင် ၂,၄၈၉ ၊ ဆက်သွယ်ရေးတိုင် ၁၀၇ ပျက်စီးသွားကြောင်း ယမန့်နေ့ထိစာရင်းအများအရ စစ်ကောင်စီထုတ်ပြန်သည်။
ယင်းပြင် နိုင်ငံတစ်ဝန်းရေဘေးသင့်သူ ခန့်မှန်းခြေ ၆၃၁,၀၀၀ ဦး (ခြောက်သိန်းကျော်) ရှိပြီး ရာနှင့်ချီ သေဆုံးမှုများရှိကာ အများအပြားပျောက်ဆုံးလျက်ရှိနိုင်ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေး ဆိုင်ရာမြန်မာရုံး (UNOCHAM) က ထုတ်ပြန်ထားသည်။
ယာဂီမုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းကြောင့်နေပြည်တော်အပါအဝင် ကရင်နီပြည်၊ ကင်ရင်ပြည်၊ ရှမ်းပြည်၊ မွန်ပြည်အပါအဝင် ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလတိုင်းနှင့် ဧရာဝတီတိုင်းတို့ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။
တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းမှ ယာဂီမုန်တိုင်းဖြတ်ကျော်တိုက်ခတ်ခံရသော ဗီယက်နမ်နိုင်ငံတွင် ၂၉၂ ဦးသေဆုံးပြီး ၃၈ ဦးပျောက်ဆုံးကာ နေအိမ် ခုနှစ်သောင်းကျော်ရေလွှမ်းမိုးခံရကြောင်း နိုင်ငံတကာသတင်းများတွင် ရေးသားဖော်ပြကြသည်။
ပြင်းအားကြီးစူပါ အပူပိုင်းတိုင်ဖွန်းမုန်တိုင်း ယာဂီတိုက်ခတ်ခံရသည့် တရုတ်နိုင်ငံတောင်ပိုင်း၊ဟိုင်နန်ကျွန်းဒေသခံ ၄ သိန်းကျော်ကိုကြိုတင်ရွှေ့ပြောင်းခိုင်းထားပြီး သေဆုံးဟစသူ ၁၆ ဦးနှင့် ပျောက်ဆုံးသူ ၁၇ ဦးရှိကြောစင်း AP သတင်းဌာနတွင်ဖော်ပြထားသည်။
ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ၊ ရေဘေးကယ်ဆယ်ရေးအဖွဲ့
#ယာဂီမုန်တိုင်း #ရေကြီးရေလျှံ #တောင်ပြို #မြေပြို
#သေဆုံးသူ၃၀၀ကျော် #မြို့နယ်၅၆မြို့နယ်
#စစ်ကောင်စီရှစ်သိန်းထောက်ပံ့မည် #Ayeyarwaddy_Times