ဧရာဝတီတိုင်းမ်
(ရွှေကျင်)၊ စက်တင်ဘာ ၂၁ ရက်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ မင်းလမ်းသံဆိပ် ကျေးရွာတွင်ယမန်နေ့ စက်တင်ဘာ ၂၀ ရက်နေ့က စတင်ကာ ‌ဒေသခံ အယောက် ၅၀ ဝန်းကျင်ကို လူသားဒိုင်းအဖြစ် အသုံးပြုရန် စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရသည်။

စစ်ကောင်စီအခြေချ တပ်စွဲထားသည့် သံဆိပ်ကျေးရွာနှင့် တုံးတံတား ရွာ အကြားတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် အင်အား ၁၅၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့များက သံဆိပ်ရွာ၊ မင်းလမ်းရွာ အပါအဝင် အနီးအနားရွာများမှ ဒေသခံ ၅၀ ကျော်ကို ဖမ်းဆီးကာ အိမ်တစ်အိမ်ထဲတွင် ပိတ်‌လှောင်ထားကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာက သံဆိပ်နဲ့ တုံးတံတားကြားပါ။သံဆိပ်က စကစအထိုင်တပ်ရှိပါတယ်။ ပြေးမလွတ်လို့ဖမ်းမိရွာသားတွေကို အိမ်ထဲ‌ဖမ်းလှောင်ထားတာ။ အစုလိုက်အပြုံလိုက်မီးရှို့သတ်ခံရမှာကို စိုးရိမ်မိတာပါ။ ဖရဲသီးကသတင်းပေးလို့ ဆက်စုံစမ်းကြည့်တာ မှန်ကန်ပြီးအတည်ပြုနိုင်ပါတယ်” ဟု မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီက ၎င်းတို့ဖမ်းဆီးထားသည့် ဒေသခံများကို သတ်ဖြတ်သည့်ဖြစ်စဉ်များရှိခဲ့သည့်အတွက် ယခုဖမ်းဆီးခံထားရသည့် ဒေသခံ ၅၀ ဝန်းကျင်ကိုလည်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပြုလုပ်မည်ကို ဒေသခံများက စိုးရိမ်မှုများရှိနေကြောင်းပြောကြားသည်။

စစ်ကောင်စီသည် ယခုမြေပြင်တိုက်ပွဲများတွင် စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များကို ထုတ်သုံးနေပြီး အဆိုပါသံဆိပ်ကျေးရွာတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါး ဦးအထိ သေဆုံးခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် မင်းလမ်းသံဆိပ်ရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ ၂၀ ရက်နေ့ကလည်း ပျဉ်ရေရွာမှ အသက် ၃၆ နှစ်အရွယ် ကိုရဲမြင့်အောင်ဆိုသူကို နေ့လယ် ၁၂ နာရီဝန်းကျင်တွင် သေနတ်ဖြင့် ပစ်သတ်သွားကြောင်းလည်း ဒေသခံများထံက သိရသည်။

ဓာတ်ပုံ – သံဆိပ်ရွာနှင့် ဒေသခံများဖမ်းဆီးခံထားရသည့်နေအိမ်
#ရွှေကျင် #စစ်ကောင်စီဖမ်းဆီး #ဒေသခံ #သံဆိပ် #Ayeyarwaddy_Times