နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၁ ရက်

အနာဂတ် မြန်မာနိုင်ငံကို ပြည်ထောင်စုနှင့် ပြည်နယ်အကြား တိကျစွာ အာဏာခွဲ​ဝေ ကျင့်သုံးသော စနစ်ဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်သွားမည်ဟု တိုင်းရင်းသား ခုခံတော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်နယ်/လူမျိုး ကိုယ်စားပြုကောင်စီများ စုစုပေါင်း ကိုးဖွဲ့တို့က ထုတ်ပြန်သည်။

အဆိုပါစနစ်သည် ပြည်နယ် အားကောင်းရေးကို ရှေ့ရှုသည့် ပြည်နယ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး Bottom up Federalism မူဖြစ်ပြီး ယင်းနှင့်စပ်လျဉ်း၍ သဘောတူညီချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်း KNU၊ KNPP နှင့် CNF ပါဝင်သော ယင်းကိုးဖွဲ့၏ စက်တင်ဘာ ၁၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ဖက်ဒရယ်စနစ်ကို သွားသည့်အခါတွင် ပြည်ထောင်စုက အာဏာအားလုံးကို ချုပ်ကိုင်၍ ပြည်နယ်များကို အာဏာခွဲဝေပေးသော စနစ်ထက် ပြည်ထောင်စုနှင့် ပြည်နယ်အကြား တိကျစွာ အာဏာခွဲ​ဝေပေးသော Bottom-up Federalism စနစ်ကို ကျင့်သုံးရန် အရေးကြီးကြောင်း KNPP အတွင်းရေးမှူး (၁) ဦးအောင်ဆန်းမြင့်က ဆိုသည်။

“ဒါမှပဲ နားလည်မှု၊ ယုံကြည်မှုတွေ ပိုမိုတည်ဆောက်ပြီး ကျွန်တော်တို့ လိုချင်တဲ့ အနာဂတ်တိုင်းပြည်ကို တည်ငြိမ်အေးချမ်းစွာနဲ့ တည်ဆောက်သွားနိုင်မှာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဖက်ဒရယ်ကို Bottom-up Federalism မူနဲ့ ချီတက်မယ်လို့ ထုတ်ပြန်တာ ဖြစ်တယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းအဖွဲ့ ကိုးဖွဲ့မှာ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ၊ မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၊ တအာင်း နိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) တို့ဖြစ်ကြောင်း သိရသည်။

“အမျိုးသမီး နိုင်ငံရေး အဖွဲ့အစည်း ဖြစ်တဲ့အလျောက် အထူးသဖြင့် ဖက်ဒရယ် တည်ဆောက်တဲ့အခါမှာ ကျွန်မတို့က တကယ့်ကို ခိုင်မာအားကောင်းတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းဖို့ သဘောထားချင်း၊ ရပ်တည်ချက်ချင်း တူတဲ့သူတွေနဲ့ ပူးတွဲထုတ်ပြန် ဖြစ်တာပါ” ဟု WLB အတွင်းရေးမှူး မနန်းမို့မို့က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုတိုင်းရင်းသား ခုခံတော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်နယ်/လူမျိုး ကိုယ်စားပြုကောင်စီများက အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုတင်ပြင်ဆင် ညှိနှိုင်းမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး သဘောတူညီချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ လေးချက်ကို ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

ပြည်နယ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-up Federalism) ကိုလည်း အခြေခံမူ သုံးချက်နှင့်အညီ တည်ဆောက်သွားမည်ဖြစ်ပြီး ပြည်နယ်/ဖက်ဒရယ် ယူနစ်များနှင့် ၎င်းအတွင်းရှိ ပြည်သူလူထုသည်အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်များဖြစ်သည်ဟု ဆိုသည်။

ယင်းအပြင် ပြည်နယ်/ဖက်ဒရယ် ယူနစ်များသည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံ၍ အချုပ်အခြာအာဏာ၊ သွေးစည်းညီညွှတ်မှု၊ လူထုနှင့် အနီးကပ်ဆုံး အာဏာနှင့် အချိုးကျမှု အခြေခံမူများ အတိုင်း လုပ်ပိုင်ခွင့်အာဏာ ခွဲဝေခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့များက ထုတ်ပြန်ဖော်ပြသည်။

အဆိုပါ တိုင်းရင်းသား ခုခံတော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်နယ်/လူမျိုး ကိုယ်စားပြုကောင်စီများသည် ပြည်နယ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေးကို ကျန်ရှိနေသေးသော EROs ၊ တော်လှန်ရေး အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်လုပ်ဆောင်နေကြောင်း သိရသည်။

ဓာတ်ပုံ – The Diplomat
#အာဏာခွဲဝေရေးစနစ် #ဖယ်ဒရယ်ဒီမိုကရေစီ #ပြည်ထောင်စု #ထူထောင်ရန် #သဘောတူညီချက်ထုတ်ပြန် #Ayeyarwaddy_Times