ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၁ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အရာရှိ ငါးဦးကို အကျင့်ပျက်ခြစားမှုဖြင့်စစ်ဆေးခဲ့ရာ ကျပ်သိန်းပေါင်း လေးသောင်းကျော်သိမ်းဆည်းရမိခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။

ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ စစ်ဦးစီး ဗိုလ်မှူးကြီးအောင်ဆန်းလွင်နှင့် ဗိုလ်မှူးကြီး မျိုးညွန့်ဦးတိုနှစ်ဦးအပါအဝင် အရာရှိငါးဦးကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ရက်နေ့က အကျင့်ပျက်ခြစားမှုဖြင့် အမှုဖွင့်ခဲ့ပြီး စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ အရာရှိများကို စစ်ဆေးရာတွင် ပုသိမ်မြို့တွင်းရှိ အိမ်ခြံမြေကွက်(၁၂)ကွက် (ကာလတန်ဖိုး ငွေကျပ် သိန်း ၇၀၀၀ကျော်) ၊ ငွေကျပ်သိန်း၅၀၀၀ ထည့်ထားသည့် ဘဏ်
စာအုပ်သုံးအုပ်၊ကာလတန်ဖိုး ငွေကျပ် သိန်း ၁၀၀၀ခန့်တန်ဖိုးရှိ အခေါက်ရွှေများ၊ ကာလတန်ဖိုးငွေကျပ် သိန်း ၅၀၀၀ ခန့်တန်ဖိုးရှိသည့် KTV နှင့် စားသောက်ဆိုင်လုပ်ငန်း၊ ကာလတန်ဖိုး သိန်းတစ်သောင်းခန့်တန်ဖိုးရှိသည့် ပုသိမ်မြို့တွင်းနှင့်ငွေဆောင်ကမ်းခြေအနီးရှိ မြေကွက်၁၀ ကွက် ၊ငွေကျပ်သိန်း ၇၀၀၀ ကိုခွဲထည့်ထားသည့် ဘဏ်စာအုပ် ၁၀အုပ် နှင့်KTV လုပ်ငန်းအတွင်းထည့်ဝင်ထားသောအစုရှယ်ယာများတွေ့ရသဖြင့် စုစုပေါင်းကာလတန်ဖိုးငွေကျပ်သိန်းပေါင်းသုံးသောင်းကျော်ကို စက်တင်ဘာ ၂၀ ရက်နေ့က ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“ ဗိုလ်မှူးကြီးနှစ်ယောက်ထဲပိုင်တာက သိန်း ၁၈၀၀၀ ကျော်တယ်။ အကုန်အသိမ်းခံရတာ။ နောက်ထပ်လည်းစုံစမ်းမှုမှာလည်း တပ်အရာရှိငါးဦးပိုင်တဲ့ဟာတွေထပ်သိမ်းတယ်။ အားလုံးပေါင်းရင် ငွေကျပ် သိန်းပေါင်းလေးသောင်းကျော်လောက်ဖြစ်သွားတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် နောက်ဆက်တွဲ ပါဝင်ပက်သက်နေသူများကို စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ မှ ထပ်မံဖမ်းဆီးနိုင်ရန်ကြိုးပမ်းနေကြောင်းလည်း သိရသည်။

“ အခုဗိုလ်မှူးကြီးတွေကိုဖမ်းထားတာမပြီးသေးဘူး။နောက်ထပ်လည်းစုံစမ်းစစ်ဆေးနေတာလုပ်နေတုန်းပဲ။ ဖမ်းဆီးခံရတဲ့ သူတွေရဲ့ပိုင်ဆိုင်မှုတွေကိုတော့ အကုန်သိမ်းလိုက်တာဟုတ်တယ်။ အခြားပါဝင်တဲ့သူတွေရှိသေးလားထပ်ပြီးစစ်ဆေးနေတုန်းပဲ”ဟု အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့်နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်ကဆိုသည်။

စစ်ဦးစီးပထမတန်း အရာရှိ သုံးဦးအပါအဝင် စုစုပေါင်း ငါးဦးသည် ရခိုင်ပြည်နယ်သို့စက်သုံးဆီများမှောင်ခိုတင်သွင်းမှုအပါအဝင် အကျင့်ပျက်ခြစားမှုများရှိနေကြောင်း တိုင်ကြားချက်အရ စက်တင်ဘာ ၁၀ရက်နေ့မှ ၁၈ရက်နေ့အထိ စစ်ဆေးပြီး ပိုင်ဆိုင်မှုများကိုသိမ်းကာ အရေးယူခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ငါးသိုင်းချောင်းမြို့ရှိ အမြှောက်တပ်မှ တပ်ရင်းမှူးကိုလည်း အကျင့်ပျက်ခြစားမှုဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း တပ်သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။

#အနောက်တောင်တိုင်းစစ်ဌာချုပ် #အရာရှိ၅ဦး #ကျပ်သိန်းပေါင်းလေးသောင်းကျော် #သိမ်းဆည်းရမိ #ပုသိမမြို့ #ဧရာဝတီတိုင်း #Ayeyarwaddy_Times