ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၁ ရက်

ဧရာ၀တီတိုင်း ၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့တွင် စက်တင်ဘာလ၂၁ ရက်နေ့ညက စစ်ကောင်စီ မှ ဖွဲ့စည်းထားသော ပြည်သူ့လုံခြုံရေးအဖွဲ့များက သန်းခေါင်အချိန် တွင် ဧည့်စာရင်းများလိုက်လံစစ်ဆေးခဲ့ကြောင်းသိရှိရသည်။

“သူတို့ကြည့်တော့ ၆၀နားကပ်နေတဲ့သူတွေချည်းပဲ။ လာစစ်တဲ့အချိန်က ၁၂နာရီလောက်ကြီးလူတွေကိုဒုက္ခပေးတာ။ ဒီလောက် ရေတပ်ဌာနချုပ်ရှိတဲ့မြို့မှ အဲ့လောက်လုပ်ပြနေရလား။ ခုက စစ်တပ်၊ရဲ ၊ ပြည်သူ့စစ်အပြင်ခု ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုတာထပ်ပိုလာပြန်ပြီ” ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

နေအိမ်များကို သန်းခေါင်အချိန်တွင်လိုက်လံနိူးပြီး အိမ်ထောင်စုစာရင်းပြခိုင်းခြင်း ၊နေအိမ်တွင်အပြင်လူရှိမရှိမေးမြန်းခြင်းနှင့် ဒေသခံမဟုတ်သူများကို မြင်ပါကသတင်းပေးရန် လိုက်လံပြောကြားကြောင်း သိရသည်။

ဧရာ၀တီတိုင်းအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ အင်အားနည်းလာသောကြောင့် ရပ်ကွက်၊ကျေးရွာများမှ ၃၅နှစ်နှင့် ၆၀ကြား အမျိုးသားများကို ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့စည်းပြီး ကင်းလှည့်ခိုင်းခြင်း၊ဧည့်စာရင်းစစ်ရာတွင်ပါ၀င်ခိုင်းခြင်းများပြုလုပ်နေခြင်းဖြစ်သည်။ အဆိုပါလုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် စစ်မှုထမ်းဟောင်းများ၊ ရဲ၀န်ထမ်းဟောင်းများနှင့်ရဲသတင်းပေးများကို ခေါင်းဆောင်အဖြစ် တာ၀န်ပေးထားကြောင်း ဒေသခံများထံမှသိရှိရသည်။

#ဟိုင်းကြီးကျွန်းမြို့ #နေအိမ်များကို #ပြည်သူ့လုံခြုံရေးအဖွဲ့ #အချိန်မတော် #ဧည့်စာရင်းစစ် #Ayeyarwaddy_Times