
ဧရာဝတီတိုင်းမ်
(ငါန်းဇွန်)၊ စက်တင်ဘာ ၂၁ ရက်
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီး ကျေးရွာကို စစ်ကောင်စီက ယမန်နေ့ စက်တင်ဘာ ၂၀ ရက်နေ့ တွင် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပြီး ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့တွင်လည်း မိုးထောင်ရွာ နှင့် ကုန်းလည်ရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ငါန်းမြာကြီး ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကလေးငယ် နှင့် အမျိုးသမီးများအပါအဝင် ဒေသခံ ၁၀ ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး တို့ သေဆုံးခဲ့ပြီး ဒေသခံ ဆယ် ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“သေဆုံးက တော့ ၁၂ ယောက်ဗျ။ ကျား၊ မ တော့ခွဲမရ သေးဘူး။ ဒေသခံ တွေမှသိမယ်။ တစ်ချို့ကတော့ လေယာဉ်က လက်နက်ကြီးထိတဲ့အတွက် ကြေမွ နေတဲ့အတွက် အတည်ပြုလို့မရသေးဘူးဖြစ် နေတယ်။ ငါန်းမြာကြီးရဲစခန်းကို သိမ်းထားတဲ့အတွက်ပစ်မှတ်ထားပြီး လုပ်တာ နေမှာပေါ့ဗျာ။ အောက်က နေလည်းစစ်ကြောင်းထိုးမရတော့ လေကြောင်းကနေပစ်တာမျိုး ပေါ့” မန္တလေးခရိုင် တပ်ရင်း-၅ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ယနေ့ နေ့လယ်ကလည်း ထပ်မံ၍ ငါန်းမြာရွာ တောင်ဘက်ရှိ မိုးထောင်ရွာ စာသင် ကျောင်းနှင့် အရှေ့ဘက်ရှိ ကုန်းလည်ရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ထိခိုက်မှု အသေးစိတ်ကိုမူ အတိကျသိရခြင်းမရှိသေးကြောင်း အဆိုပါတာဝန်ရှိသူထံက သိရသည်။
ငန်းဇွန်မြို့နယ်အတွင်းရှိ ငါန်းမြာကြီးရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်နေ့က စခန်းသိမ်းတိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်း ကိုးဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ယက်
#ငါန်းဇွန် #ငါန်းမြာကြီး #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #ဒေသခံသေဆုံး #Ayeyarwaddy_Times