အယိုက်လင်း /ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၁ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ငါးလကြာ ထုတ်ပေးနိုင်ခြင်းမရှိသည့် ပင်စင်လစာများကို ပြန်လည်ထုတ်ပေးသွားမည်ဟု သိရကြောင်း ပင်စင်စားများထံက သိရသည်။

တီးတိန်မြို့ရှိ ဘဏ်များတွင် ငွေသားများ ပြတ်လတ်နေသည့်အတွက် အငြိမ်းစားဝန်ထမ်းများကို ယခုနှစ် မေလမှစ၍ ပင်စင်လစာများ ငွေထုတ်ပေးခြင်းမရှိဘဲ ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပင်စင်လစာများကို လာမည့် စက်တင်ဘာလ ၂၃ ရက်နေ့မှစ၍ တီးတိန်မြို့ရှိ စစ်ကောင်စီ၏ ခလရ ၂၆၉ တပ်ရင်းတွင် ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ပင်စင်လစာ ထုတ်မဲ့သူရယ်၊ အဖော်တစ်ယောက်ရင် နှစ်ယောက်နဲ့ ၂၆၉ တပ်ရင်းမှာ သွားထုတ်ရမယ်ပြောတယ်။ ပြီးတော့ နှစ်ယောက်စလုံး မှတ်ပုံတင် ယူလာရမယ်လို့ပြောတယ်” ဟု တီးတိန်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်းကို ပြောသည်။

တီးတိန်မြို့ရှိ ပင်စင်လစာများကို ယခင်က မြို့မရဲစခန်းတွင် ထုတ်ယူရသော်လည်း ယခုခါ စစ်ကောင်စီ၏ ခလရ ၂၆၉ တပ်ရင်းတွင် ထုတ်ယူရမည်ဖြစ်သည်။

တီးတိန်မြို့တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးအပတ်နှင့် ဇွန်လ ပထမအပတ်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သော်လည်း လက်ရှိတွင် ပုံမှန်အခြေနေသို့ ပြန်လည်ရောက်လာပြီဟု သိရသည်။

“မြို့ထဲလည်း လူတွေပြန်ရောက်လာကြပါပြီ။ ဆေးရုံတွေ၊ ဌာနဆိုင်ရာ ရုံးတွေ ပြန်ဖွင့်နေပါပြီ။ မီးလည်း ပြန်ရပြီ။ ကျောင်းလည်း အရင်လိုပြန်တက်နေကြပါပြီ။ လောဆယ်ဘာမှ မဖြစ်တော့ပါဘူး” ဟု တီးတိန်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တီးတိန်မြို့တွင် ပြီးခဲ့သည့် မေလ တိုက်ပွဲတွင်း ဒေသခံပြည်သူများ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ဌာနဆိုင်ရာရုံးများလည်း ပိတ်ထားခဲ့သည်။

စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း တီးတိန်မြို့ရှိ ခလရ ၂၆၉ တပ်ရင်းမှ တပ်သားတစ်ဦးသည် သေနတ် နှစ်လက်နှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်(ဇိုလဲန်း)က ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#တီးတိန်မြို့ #၅လကြာ #ပင်စင်လစာ #ပြန်လည်ထုတ်ပေးမည် #Ayeyarwaddy_Times