
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၄၊ ၂ဝ၂၂
ယနေ့ မနက်ပိုင်း ဈေးကွက်အဖွင့်တွင်လည်း တရိပ်ရိပ် တက်လာနေသည့် ဒေါ်လာဈေးနှင့် ရွှေဈေးများကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်များ ရပ်တန့်ထားကာ အခြေအနေ စောင့်ကြည့်နေကြောင်း ရန်ကုန်မြို့ရှိ လုပ်ငန်းရှင်တချို့ထံက သိရသည်။
ယနေ့မနက်ပိုင်း အမေရိကန် တဒေါ်လာလျှင် မြန်မာကျပ် ၃ဝ၁ဝ ဖြင့် ပြင်ပဈေးကွက်တွင် ဈေးပေါက်နေပြီး ၃ ရက်အတွင်း ရွှေဈေးနှုန်းများမှာလည်း ၁၆ ပဲရည် အကယ်ဒမီရွှေ တကျပ်သားလျှင် ကျပ် ၃ သိန်းခွဲကျော်အထိ မြင့်တက်သွားခဲ့သည်။ ယမန်နေ့ညနေ ရွှေဈေးနှုန်း အပိတ်ဈေးထက် ကျပ် ၅ ထောင်မြင့်တက်ကာ ရွှေအကယ်ဒမီ တကျပ်သားလျှင် ကျပ် ၂၈ သိန်းကျော်သို့ ရောက်ရှိနေသည်။
စစ်ကောင်စီလက်အောက်ရှိ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း၏ သတ်မှတ်ရည်ညွှန်းဈေးနှင့် ၇ သိန်းနီးပါးမျှ ပြင်ပပေါက်ဈေးက မြင့်တက်နေပြီး ဒေါ်လာတွင်လည်း စစ်ကောင်စီ၏ သတ်မှတ်ရည်ညွှန်းထားသော ဒေါ်လာငွေလဲနှုန်းနှင့် ပြင်ပပေါက်ဈေးသည် ကျပ် ၉ဝဝ ကျော် ကွာဟနေပြီဖြစ်သည်။
‘‘အဓိက ဒေါ်လာဈေး၊ ရွှေဈေး အခုလို ရက်ပိုင်းအတွင်း ခုန်တက်သွားတာကတော့ တချို့က အာဏာသိမ်းစစ်တပ်က မြန်မာကျပ်ငွေစက္ကူတွေ ဘီလီယံနဲ့ချီ ထပ်ရိုက်ထုတ်လိုက်တာကြောင့်ဆို ဆိုကြပေမယ့် အဲ့ဒီထက် စစ်တပ်မှာ ဒေါ်လာတွေ ပြတ်လုနီးပါးဖြစ်နေတာကြောင့်လို့ပဲ သုံးသပ်ရတော့မယ်။ ဒေါ်လာနဲ့ရွှေဈေးက တိုက်ရိုက်အချိုးကျနေတာ။ ဒေါ်လာတက်လာတာနဲ့ ရွှေဈေးပါ လိုက်တက်တဲ့သဘောပဲ။ စစ်တပ်လက်ထဲကနေ နိုင်ငံခြားအရန်ငွေတွေ တော်တော်လေး ကုန်ခန်းနေပြီလို့ ပြောရတော့မယ်’’ ဟု မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူ တဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
သို့ရာတွင် ပြီးခဲ့သည် ယခုလဆန်းက နေပြည်တော်တွင် ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံခြားအရန်ငွေ အလုံအလောက်ရှိကြောင်း ပြောဆိုခဲ့ပြီး မကြာမီရက်ပိုင်းအတွင်း ၎င်းတို့သတ်မှတ်ထားသည့် တဒေါ်လာလျှင် ၁၈၅ဝ ကျပ်နှုန်းမှ ၂၁ဝဝ ကျပ်သို့ ပြောင်းလဲ သတ်မှတ်ပေးခဲ့သည်။
ထိုသို့သတ်မှတ်လိုက်ပြီးနောက် မြန်မာကျပ်ငွေနှင့် ဒေါ်လာလဲလှယ်နှုန်း ပြင်ပပေါက်ဈေးများ ဆက်တိုက်တက်လာခဲ့ရာ ထိုသို့ မြင့်တက်လာခြင်းကို ထိန်းချုပ်နိုင်ရန်အတွက် အာဏာသိမ်းစစ်ကောင်စီက ယမန်နေ့က နေပြည်တော်တွင် တချို့လုပ်ငန်းရှင်များကို ခေါ်ယူတွေ့ဆုံကာ အရေးပေါ် အစည်းအဝေးတကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ယနေ့တွင်လည်း ထပ်မံပြုလုပ်ရန်ရှိနေကြောင်း မြန်မာနိုင်ငံ စက်မှုလုပ်ငန်းနှင့် ကုန်သည်ကြီးများအသင်း UMFCCI အဖွဲ့ဝင် စီးပွားရေး လုပ်ငန်းရှင်တဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
‘‘ဘယ်လိုနည်းလမ်းတွေနဲ့ ထိန်းချုပ်မလဲတော့ ကျနော်တို့ ထပ်စောင့်ကြည့်ရမှာပေါ့။ ဒါပေမယ့် ကျနော်တို့ကတော့ ဒေါ်လာနဲ့ရွှေ အရောင်းအဝယ်တွေ အကုန်လုံး ရပ်ထားလိုက်ပြီ။ တခုပဲ ဒေါ်လာကို ပြင်ပဈေးကွက်မှာ အရောင်းအဝယ် ပြုလုပ်ပြီးတော့ သွင်းကုန်တွေအတွက် ဖြေရှင်းနေရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အခက်တွေ့မယ့်အရေးပဲ စိတ်ပူတယ်။ အခုလည်း ဒေါ်လာပြင်ပဈေးကွက် အရောင်းအဝယ်သမားတချို့ ရှောင်တိမ်းနေကြပြီ။ စစ်တပ်က ဖမ်းဆီးမလားဆိုပြီးတော့ စိတ်ပူနေကြပြီ’’ ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီအနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းကပင် ဒေါ်လာပြင်ပပေါက်စျေးကို ၄င်းတို့လက်အောက်ခံဗဟိုဘဏ်သတ်မှတ်ရည်ညွှန်းစျေးနှုန်းနှင့် ၀.၃ ရာခိုင်နှုန်းသာကွာဟရမည်ဟုလည်း ထုတ်ပြန်ခဲ့သေးသည်။