ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၄ ရက်

သိမ်းပိုက်ထားတဲ့ ဇာပိုရီဇီယာ နျူကလီးယားစက်ရုံကို ပစ်ခတ်တဲ့ ရုရှားတပ်ဖွဲ့ဝင်တွေကို လုံခြုံရေးတပ်ဖွဲ့က ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက သတိပေးလိုက်ပါတယ်။

နျူကလီးယားစက်ရုံကို သို့မဟုတ် နျူကလီးယားစက်ရုံထဲမှပစ်ခတ်တဲ့ ရုရှားစစ်သားတိုင်းက ယူကရိန်းနိုင်ငံအတွက် အထူးပစ်မှတ်တစ်ခု ဖြစ်လာမယ်လို့ ညပိုင်းမိန့်ခွန်းတစ်ခုအတွင်း ဇီလန်စကီးက ပြောပါတယ်။

ရုရှားနိုင်ငံက အဲဒီနျူကလီးယားစက်ရုံကို စစ်ဘက်အခြေစိုက်စခန်းတစ်ခုအဖြစ် ပြောင်းလဲကာ နျူက လီးယားဖြင့် ခြိမ်းခြောက်အကျပ်ကိုင်ဖို့ အသုံးပြုနေတယ်လို့ ၄င်းက စွပ်စွဲလိုက်ပါတယ်။ ရုရှားတပ်ဖွဲ့တွေက မတ် လအတွင်း တိုက်ပွဲတွေဖြစ်ပွားပြီးနောက် အဲဒီနျူကလီးယားစက်ရုံကို သိမ်းပိုက်ခဲ့ပါတယ်။

ဇာပိုရီဇီယာ နျူကလီးယားစက်ရုံဟာ ဥရောပတိုက်ရဲ့ အကြီးမားဆုံး နျူစက်ရုံတစ်ခုဖြစ်ပြီး ယူကရိန်းနိုင် ငံတောင်ပိုင်းက မဟာဗျူဟာအရ အရေးပါတဲ့ နီကိုပူးလ်မြို့တော်မှာ တည်ရှိပါတယ်။ အဲဒီနျူကလီးယားစက်ရုံကို ရုရှားတပ်ဖွဲ့တွေက သိမ်းပိုက်ထားပေမယ့် ယူကရိန်းပညာရှင်တွေက လုပ်ကိုင်နေဆဲဖြစ်ပါတယ်။

ဒီသီတင်းပတ်အစောပိုင်းမှာ အဆိုပါနျူကလီးယားစက်ရုံကို အမြောက်တွေနဲ့ပစ်ခတ်ခဲ့ရာ ရုရှားနဲ့ ယူက ရိန်းက အပြန်အလှန်အပြစ်တင်ခဲ့ကြပါတယ်။

ရုရှားတပ်ဖွဲ့တွေက အမြောက်တွေပစ်ခတ်ပြီး စဉ်ဆက်မပြတ် ရန်စမှုတွေ ပြုလုပ်ခဲ့ပြီး နျူကလီးယား စက်ရုံမှာ တပ်စွဲထားတဲ့တပ်ဖွဲ့တွေက နီကိုပူးလ်နဲ့ မာဂနက်မြို့တော်တွေကို အမြောက်နဲ့ပစ်ခတ်ဖို့ အဲဒီစက်ရုံကို စစ်ဘက်အခြေစိုက်စခန်းတစ်ခုအဖြစ် အသုံးပြုခဲ့တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

ရုရှားတပ်ဖွဲ့တွေက နျူကလီးယားစက်ရုံကို သိမ်းပိုက်ကတည်းက ဥရောပတိုက်သို့ ရေဒီယိုသတ္ထုကြွခြင်း ခြိမ်းခြောက်မှု ရှိလာခဲ့တယ်လို့ သူက ပြောပါတယ်။
နျူကလီးယားစက်ရုံနယ်မြေမှာ ထိန်းသိမ်းခံထားရတဲ့ ယူကရိန်းအလုပ်သမားတွေဟာ ရုရှားတပ်ဖွဲ့တွေရဲ့ တင်းကျပ်တဲ့ လက်နက်ကိုင်စောင့်ကြပ်မှုကို ခံနေရပါတယ်။

ဓာတ်ပုံ – လူမှုကွန်ယက်(ပုံဟောင်း)။
ကိုးကား – BBC
Ref; Zelensky warns Russian soldiers at Zaporizhzhia nuclear plant