
နိုင်း/ဧရာဝတီတိုင်းမ်
(မြဝတီ)၊ ဩဂုတ်လ ၁၄ ရက်
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် ထိုင်း မြန်မာငွေလဲလှယ်သည့်ဆိုင်တစ်ချို့ကို ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်ခန့်က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှလာရောက်ဖမ်းဆီးသွားကြောင်း သိရှိရသည်။
မြဝတီမြို့တွင်းရှိ ငွေလဲလှယ်သည့် ဆိုင်အများစုရှိရာ ကြံခင်းလမ်းပေါ်ရှိ ဆိုင်နှစ်ဆယ်ဝန်းကျင်ကို ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ဘာကြောင့်ဖမ်းလဲတော့ဘယ်သူမှသေချာမသိသေးဘူး၊ သူတို့ကအဲ့လိုဝင်ဖမ်းတော့ တခြားဆိုင်တွေကလည်းပိတ်ကုန်တာ၊ ခုဖမ်းသွားတာတော့ဆိုင်သေးတွေ၊ money changer ဆိုင်ကြီးတွေတော့မပါဘူး” ဟု မြဝတီမြို့ခံတစ်ဦးမှ ဧရာဝတီတိုင်မ်းသို့ ပြောသည်။
ယခုရက်ပိုင်းအတွင်း မြန်မာငွေကျပ်တန်ဖိုး ဆက်တိုက်ကျဆင်းနေပြီး ဩဂုတ်လ ၁၃ ရက်နေ့တွင် မြန်မာကျပ် တစ်သိန်းလျှင် ထိုင်းဘတ်ငွေ ၁၂၀၀ ဝန်းကျင်အထိ ကျဆင်းလာကြောင်း ဒေသခံများထံမှ သိရှိရသည်။
ထိုင်းဘတ်ငွေ ၁၂၀၀ ဝန်းကျင်ထိရောက်ရှိလာမှုကြောင့် မြဝတီမြို့ရှိ ငွေလဲလှယ်သည့်လုပ်ငန်းလုပ်ကိုင်သည့် ဆိုင်ကြီးအများစုမှာလည်း ငွေလဲလှယ်ခြင်းခေတ္တရပ်နားထားကြကြောင်း သိရှိရပါသည်။