မင်းမြတ်မောင်/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ ဩဂုတ်လ ၁၄ ရက်
ဧရာဝတီတိုင်းမှာ စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဇွန်လပိုင်းကစတင်ကာ ခိုးမှုကျူးလွန်လို့ ဖမ်းဆီးမိတဲ့သူတွေကို တပ်သားသစ်အဖြစ် စုဆောင်းတာတွေပြုလုပ်လာတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
စစ်ကောင်စီတပ်ထဲဝင်တဲ့ဦးရေနည်းပါလာတာကြောင့် ရဲစခန်းတွေမှာ ခိုးမှုနဲ့ဖမ်းမိလာတဲ့သူတွေကို အသက်အရွယ်ကြည့်ပြီး တပ်သား သစ်အနေနဲ့စုဆောင်းတာတွေပြုလုပ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။
” အရင်ကဆို တပ်သားစုဆောင်းရေးတပ်မှာဝင်တာများတယ် ပြီးတော့ ရဲစခန်းလည်း စစ်တပ်ကလာတာနည်းတော့ တပ်သားသစ် ခေါ်တာမျိုးမရှိဘူး ခုက တပ်သားသစ်ဝင်တာလည်းနည်းတယ် ရဲစခန်းမှာလည်း စစ်တပ်က တပ်စွဲထားသလိုဖြစ်နေတော့ ခိုးမှုနဲ့ မိလာရင် တပ်ထဲဝင်ဖို့ခြိမ်းခြောက်ပြီးခေါ်တော့တာပဲ”လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။
စစ်ကောင်စီတပ်ကအရာရှိတွေဟာ တပ်သားသစ်စုဆောင်းမရရင် သက်ဆိုင်ရာတပ်နယ်မှူးတွေ တပ်ရင်းမှူးတွေရဲ့ ပြစ်တင်ပြောဆိုတာ ခံရတာကြောင့် ခုလိုမျိုးရနိုင်တဲ့နည်းနဲ့ တပ်သားသစ် စုဆောင်းတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင် နိုင်ငံတဝှမ်းမှာ စစ်မျက်နှာပြင်ဖြန့်လာရတဲ့ စစ်ကောင်စီတပ်ဟာ အထိခိုက်အကျဆုံးများလာသလို တပ်သားသစ်ဝင်ရောက်မှုပိုင်းမှာလည်း အားနည်းလာတာကြောင့် ခုလိုမျိုး နယ်တွေမှာ ရတဲ့နည်းနဲ့တပ်သားသစ်စုတာတွေပြုလုပ် လာတာဖြစ်နိုင်တယ်လို့ စစ်မှုထမ်းဟောင်းတဦးက သုံးသပ်ပြောဆိုပါတယ်။
စစ်ကောင်စီတပ်ကအရာရှိတွေက ပြီးခဲ့တဲ့ ၂ လလောက်ကစတင်ကာ ဧရာဝတီတိုင်းအတွင်းက ပင်လယ်ကမ်းရိုးတမ်းဒေသတွေကို သွားရောက်တဲ့အခါ ကျေးရွာနေပြည်သူတွေကို အစည်းဝေးသဘောခေါ်ပြီး NLD ပါတီမကောင်းကြောင်းပြောဆိုကာ တပ်ထဲ ဝင်ဖို့ စည်းရုံးဟောပြောတာတွေပြုလုပ်ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။