ဧပရယ်နှင်း/ဧရာ၀တီတိုင်းမ်

(ချောင်းသာ)၊ ဩဂုတ်လ ၁၄ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကနေ ကျွန်းသစ်ခိုးထုတ်နေသူတွေကို ဖမ်းမိရင် အသက်ရှင်ဖို့အတွက် အာမ မခံဘူး ကမ်းခြေကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ဒေဝက ပြောပါတယ်။

ဥတုကျေးရွာအနီးမှာရှိတဲ့ ပြည်သူပိုင်ကျွန်းသစ်တွေကို စစ်ကောင်စီ အရာရှိတွေနဲ့ပေါင်းကာ တရားမဝင်သစ်ခိုးထုတ်နေတဲ့ လုပ်ငန်းရှင်တွေကို ဇူလိုင်လ ၂၀ နေ့က သတိပေးစာထုတ်ပြီးနောက်ပိုင် ခုလိုပြောဆိုခဲ့တာပါ။

” ဆက်ပြီးထုပ်လုပ်နေမယ်ဆိုရင်တော့ တားစီးရမှာပေါ့၊ အဓိက သစ်တင်လာတဲ့ကားတွေကို ဖျက်စီးပစ်မယ် သစ်ခိုးမှုမှာပါဝင်တဲ့ သူတွေရဲ့ အသက်အာမခံနိုင်ဘူး”လို့ ကမ်းခြေကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ဒေ၀က ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။

ပြည်သူပိုင်ကျွန်းသစ်တွေကို ထုတ်ယူနေတာရပ်တန့်ဖို့နဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့သူ ဘယ်သူ့ကိုမဆို လာရောက်သုတ်သင်သွားမှာဖြစ်တယ်လို့ ကမ်းခြေကာကွယ်ရေးတပ်ဖွဲ့က သတိပေးစာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ဒါ့ပြင် ဩဂုတ်လ ၃ ရက်နေ့ကလည်း ပြည်သူတွေအနေနဲ့ ပုသိမ် – ချောင်းသာကားလမ်း အရေးကြီးကိစ္စမရှိဘဲ မသွားလာကြဖို့နဲ့ သွားလာတဲ့အခါမှာ စစ်ကောင်စီကားတွေနဲ့ ကပ်မလိုက်ဖို့အတွက် သတိပေးစာထုတ်ပြန်ထားပါသေးတယ်။