ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၃ ရက်

အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့မနက် စက်သုံးဆီရည်ညွန်းဈေးနှုန်းတွေအရ 92 ဓာတ်ဆီ ၁ လီတာ ကို ၂၃၂၀ ကျပ် သတ် မှတ်တယ်လို့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ ၆ ရက်နေ့က 92 ၁ လီတာကို ၁၆၁၅ ကျပ်နှုန်းနဲ့ထုတ်ပြန်ခဲ့ပြီး သြဂုတ်လ ၈ ရက်မှာ ဒေါ်လာငွေလဲနှုန်း ၂၁၀၀ ကျပ်ကိုပြောင်းလဲသတ်မှတ်ခဲ့ပြီးတဲ့နောက် သြဂုတ်လ ၉ ရက်မှာ ၁၈၀၀ ကျော်အထိမြင့်တက်လာရာကနေ ဒီကနေ့မှာ ၂၃၀၀ ကျော်ထိဖြစ်လာခဲ့ပြီး တစ်ပတ်အတွင်းမှာ ၇၀၀ ကျော်အထိ မြင့်တက်လာတာဖြစ်ပါတယ်။

ဒီကနေ့မနက် စစ်ကောင်စီဘက်ကထုတ်ပြန်တဲ့ စက်သုံးဆီစာရင်းတွေအရ ရန်ကုန်မြို့အတွက် 92 ၁ လီတာ ၂၃၂၀ကျပ်၊ 95 ၁ လီတာ ၂၃၉၀ ကျပ်၊ ပရီမီယမ်ဒီဇယ် ၁လီတာ ၂၇၃၀ ကျပ်နဲ့ စံချိန်တင်မြင့်တက်နေတာပါ။

စစ်ကောင်စီက ဒီမနက်မှာ မြို့ကြီးတွေအလိုက် 92 ၁ လီတာကို ၂၃၀၀ နဲ့ ၂၄၀၀ ကျပ်အကြားထုတ်ပြန်ပေမယ့် မြစ်ကြီးနားအပါအဝင် မြို့ကြီးတချို့မှာ ၁ လီတာကို ၃၀၀၀ ကနေ ၄၀၀၀ ကျပ်အထိပေးဝယ်နေရပြီး ဆီပြတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

” မနက်က ၁ လီတာကို ၃၀၀၀၊ ခုဒီနေ့ နေ့ခင်းပိုင်း ဘယ်မှဝယ်မရဘူး။ တချို့ရတဲ့ဆိုင်တွေမှာ ၄၀၀၀ အထိပေးဝယ်ရတယ်။ ဆီ ၅၀၀၀ ဖိုးသွားထည့်တာ Sprite ဘူးအကြီးကို တဝက်ကျော်ကျော်ဘဲရခဲ့တယ် ။ နေ့လည်ပိုင်းဆိုဆီလုံးဝပြတ်တာများတယ်။မနက်အစောကြီးတန်းစီတိုးဝှေ့ဝယ်နိုင်မှနည်းနည်းရတယ် ” လို့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ပဲခူးတိုင်း ပြည်မြို့စတဲ့မြို့ကြီးတွေအပါအဝင် အခြားမြို့ကြီးတွေက စက်သုံးဆီဆိုင်အများစုမှာလည်း ဆီစျေးနှုန်းတွေအဆမတန်ကြီးမြင့်နေပြီးတော့ စက်သုံးဆီပြတ်လပ်မှုတွေဖြစ်ပေါ်နေကာ အကန့်အသတ်နဲ့သာဝယ်ယူနေရတာနဲ့ လုံးဝဝယ်ယူလို့မရတာတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေကပြောဆိုပါတယ်။

သြဂုတ်လ ၈ ရက်နေ့ပြုလုပ်တဲ့ စစ်ကောင်စီအစည်း အဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရေနံနဲ့ရေနံထွက်ပစ္စည်းတွေ တနှစ်ကို အမေရိကန်ဒေါ် လာ ၁ ဒသမ ၃ ဘီလီယံဝန်းကျင်နဲ့ တင်သွင်းနေရလို့ ပြည်ပကနေတင်သွင်းမှု လျှော့ချသွားဖို့ ပြောဆိုခဲ့ပါတယ်။

အဲ့ဒီလို ပြည်ပကနေစက်သုံးဆီတင်သွင်းမှုလျှော့ချခဲ့ရင် စက်သုံးဆီလိုအပ်ချက်မြင့်တက်လာပြီး ဒီစက်စျေးနှုန်းမြင့်တက်လာနိုင်တယ်လို့ စက်သုံးဆီလုပ်ငန်းရှင်တွေနဲ့ ကျွမ်းကျင်သူတချို့ကသုံးသပ်ကြပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ စက်သုံးဆီစျေးတွေမြင့်တက်လာတာကြောင့် ကုန်စည်ပို့ဆောင်ခသယ်ယူပို့ဆောင်စရိတ်တွေလည်းမြင့်တက်လာပြီး အခြေခံစားကုန်စျေးနှုန်းတွေကစလို့ အခြားဆေးဝါးနဲ့လူသုံးကုန် ပစ္စည်းတွေလည်း စျေးနှုန်းတွေ မြင့်တက်လို့နေပါတယ်။