
ကိုကိုလေး/ဧရာဝတီတိုင်းမ်
(ကြံခင်း)၊ သြဂုတ်လ ၁၃ ရက်
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ တလိုင်းကွင်းကျေးရွာ အုပ်စု၊ မကျီးပင်ကွင်းဒေါင့်ကျေးရွာကအမျိုးသမီး ၁ ဦး သြဂုတ်လ ၁၂ ရက် မနေ့ နေ့လည် ၂ နာရီဝန်းကျင်က ဒုတ်နဲ့ရိုက်သတ်ခံရပြီး ပစ္စည်းတွေလုယူခံလိုက်ရတယ်လို့ ဒေသခံတွေထံကသိရပါတယ်။
ရိုက်သတ်ခံရတဲ့ အမျိုးသမီးဟာ ဒေါ်ခင်ဆွေမြင့် ဆိုသူဖြစ်ပြီး ကြံခင်းမြို့ပေါ်မှာ ကျောင်းတက်နေတဲ့ သူ့ရဲ့ကလေးကို ကျောင်းကြိုဖို့ သွားရောက်ချိန် လမ်းခုလပ်တနေရာမှာ ရိုက်အသတ်ခံလိုက်ရတာလို့ ဒေသခံတွေကပြောပါတယ်။
“ကျောင်းသားသွားကြိုရင်းလက်စနဲ့ TV ပြင်သွားရင်းနဲ့ ဖြစ်တာ။အခါတ်ိုင်းလဲသွားနေတာ အဲဲဒီနေ့ကြမှ အပြန်နောက်ကျတယ်ဆိုပြီး လိုက်ရှာကြတော့ ဂုံးပေါက်အနားက ရေအစပ်မှာတွေ့တယ်။အလောင်းကိုဖြောက်ခဲ့တာနေမှာပေါ့။အခါတိုင်းတော့ အဲဒီလမ်းဘေးတစ်လျှောက် အုတ်ဖုတ်တဲ့ဖိုတွေရှိတော့ လူမပြတ်ဘူး။ ခုကြ မိုးတွင်းဆိုတော့ အုတ်ဖိုတွေလဲ မရှိတော့ လူပြတ်တယ်။ ခုက ပစ္စည်းယူယုံမကဘူး လူအသက်တွေပါ သတ်ကြတော့ အတော်လေးဆိုးတဲ့ အခြေအနေဖြစ်လာပီ” လို့ ဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
အဲ့ဒီအမျိုးသမီးကို ရိုက်သတ်ပြီး စီးနင်းလာတဲ့ ဆိုင်ကယ်၊သူကိုင်ဆောင်တဲ့ ဖုန်းနဲ့ ငွေသား ၈ သောင်းဝန်း ကျင်ကိုလည်း ယူဆောင်လုယူခံလိုက်ရတာလို့ ဒေသခံတွေကပြောပါတယ်။
ရိုက်အသတ်ခံရတဲ့ အမျိုးသမီးဟာ ဦးခေါင်းမှာဒဏ်ရာတွေရရှိသေဆုံးခဲ့တာဖြစ်ပြီး မနေ့က ညနေ ၄ နာရီဝန်းကျင်မှာ သူ့ရဲ့ရုပ်အလောင်းနဲ့ TV တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ကာ အလောင်းကို ကြံခင်းမြို့နယ်ဆေးရုံ ရင်ခွဲရုံကိုပို့ဆောင်လိုက်ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အဲ့ဒီ အမျိုးသမီး အသတ်ခံရပြီးနောက် သေဆုံးခဲ့တဲ့ နေရာနဲ့ အနီးတဝိုက်ကို စစ်တပ်ကောင်စီတပ်တွေက ရှာဖွေစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ကြံခင်းဘက်က မြန်အောင် ဘက်အကူး ကားလမ်းမ တစ်လျှောက်ကို လုံခြုံရေးတွေတိုးမြှင်ထားတယ်လို့ သိရပါတယ်။