ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၀ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့သို့ ဌာနတွင်းစုံစမ်းစစ်ရန်လာရောက်သည့် နေပြည်တော် ရဲချုပ်ရုံးမှ ရဲအရာရှိများကို သတင်းတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးမင်းမင်းက ဓားဖြင့်ထိုးသဖြင့်သေဆုံးခဲ့သည့် ဒုရဲမှူးအောင်ကိုမင်း၏ စျာပနကို ယနေ့မနက် ပုသိမ်မြို့တွင် ပြုလုပ်ခဲ့ကြောင်း ရဲသတင်းရင်းမြစ်များထံက သိရသည်။

စက်တင်ဘာ၁၈ရက် နံနက်ပိုင်းက သတင်းတပ်ဖွဲ့တပ်ကြပ်ကြီးမှ နေပြည်တော်ရဲချုပ်ရုံးမှ အရာရှိများကို ဓားဖြင့်ထိုးသည့်ဖြစ်စဉ် ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၂၀ရက်နေ့နံနက် ၇နာရီကျော်က သေဆုံးသွားသော ဒုရဲမှူး အောင်ကိုမင်း၏ ရုပ်အလောင်းကို သယ်ဆောင်လာပြီး ရဲကားနှင့် အိမ်စီးကား၁၂စီး ခန့် လိုက်ပါကာ သရောင်းချောင်းမီးသဂြိုလ်စက်တွင် သဂြိုလ်ခဲ့ကြောင်းသိရသည်။

“မနက်အစောကြီး မီးသဂြိုလ်လိုက်တာ အရိုးပြာကိုတော့ နေရပ်ကို ပြန်ယူမယ်လို့ကြားတယ်”ဟု မြို့နယ်ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

ပုသိမ်မြို့ သစ္စာလမ်းရှိ သတင်းတပ်ဖွဲ့မှူးရုံးတွင် သတင်းပေါက်ကြားမှုများ၊ရခိုင်ပြည်သို့ ဆီမှောင်ခို ပို့မှုများတွင်ပါ၀င်သည်ဟု ဆိုကာ နေပြည်တော်မှရဲအရာရှိများ လာရောက် စစ်ဆေးစဉ် တပ်ကြပ်ကြီးမင်းမင်းက မကျေနပ်သဖြင့် ဓါးနှင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်အချို့ထံက သိရသည်။

“ကြားတာတော့ ခုဓါးနဲ့ထိုးတဲ့တပ်ကြပ်ကြီးက အချင်းချင်းကို လက်ထိပ်နောက်ပြန်ခတ်၊ဒူးထောက်ခိုင်းပြီးရိုက်စစ်တာကို မကျေနပ်တာလို့သိရတယ်။ သူတို့ကျေနပ်အောင်စစ်ပြီးတော့ ရုံးထဲမှာပဲ အကျယ်ချုပ်ပုံစံပြန်ထားတော့ မနက်အစောကြီး အိပ်ကောင်းတဲ့အချိန်မှာ အကုန်လုံးကို ဓါးနဲ့ထိုးတာလို့ကြားတယ်”ဟု ရဲတပ်ဖွဲ့၀င်တစ်ဦးဧရာ၀တီတိုင်မ်းကိုပြောသည်။

ဓါးဖြင့်ထိုးခံရသောကြောင့် ဒုရဲမှူး အောင်ကိုမင်းသေဆုံးပြီး၊ ဒုရဲမှူး ဇော်မင်းနှင့် ဒုရဲမှူးကြီးနေအောင်လင်းတို့ ဒဏ်ရာများရရှိခဲ့ကာ ပုသိမ်ဆေးရုံတွင် တက်ရောက်ကုသနေရပြီး တပ်ကြပ်ကြီးမင်းမင်းကိုဖမ်းမိထားပြီး ရဲအချုပ်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။

#ရဲတပ်ကြပ်ကြီး #ဓါးဖြင့်ထိုး #သေဆုံးသွားသော #နေပြည်တော် #ဒုရဲမှုး #ပုသိမ် #သဂြိုလ် ##Ayeyarwaddy_Times