
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၀ ရက်
တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်သော အပူပိုင်းမုန်တိုင်း SOULIK ( ဆိုးလစ်ခ် )သည် လာအို နိုင်ငံကို ဖြတ်ကျော်ပြီးပါက အားလျော့သွားမည်ဖြစ်ပြီး အကြွင်းအကျန်တိမ်တိုက်များကြောင့် မြန်မာနိုင်ငံတွင် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မိုး/ဇလ) က ယနေ့ စက်တင်ဘာ ၂၀ ရက်နေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်သည်။
အပူပိုင်းမုန်တိုင်း ဆိုးလစ်ခ် သည် ကုန်တွင်းမုန်းတိုင်ငယ် အဖြစ်အားလျော့လာရာ ထိုမှတစ်ဖန် လေဖိ အားနည်းဆဲလ်အဖြစ် ထပ်မံအားလျော့နိုင်ကာ အကြွင်းအကျန်တိမ်တိုက်များ ဖြစ်ပေါ်ကြောင်း သိရသည်။
အဆိုပါ အကြွင်းအကျန်တိမ်တိုက်များက လာမည့် ၂၄ နာရီအတွင်း ကရင်နီပြည်၊ ကရင်ပြည်၊ မွန်ပြည်နှင့် ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့ကို ဆက်လက်ဖြတ်ကျော်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ပါဝင်သည်။
ယင်းအရှိန်ကြောင့် စက်တင်ဘာ ၂၀ ရက်မှ ၂၅ ရက်နေ့အတွင်း နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းထုတ်ပြန်သည်။
အဆိုပါအကြွင်းအကျန်တိမ်တိုက်များသည် အနောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီး ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ပြန်လည်အစပျိုး အားကောင်းနိုင်ကြောင်း ထုတ်ပြန်သည်။
လက်ရှိရန်ကုန်မြို့အတွင်း နေရာကွက်ကျားမိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေမြင့်တက်မှုကြောင့် မြစ်နား၊ ချောင်းနားနီသည့် မြို့နယ်များ၌ နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် ဒီရေဝင်ရောက်မှုများရှိကြောင်း မြို့ခံများထံက သိရသည်။
ရန်ကုန်မြစ်အတွင်းရှိ ထူးကဲဒီရေသည် လာမည့် စက်တင်ဘာ ၂၃ ရက်နေ့အထိ အခြေခံ ရေစစ်မျဉ်း အထက် အမြင့်ပေ ၂၁ ဒသမ ၇၂ ပေခန့်အထိ တက်နိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်အာဏာပိုင်က ထုတ်ပြန်သည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း နှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် သတိထားနေထိုင်ရန်အပါအဝင် ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန်မိုး/ဇလ က အသိပေးထားသည်။
ဓာတ်ပုံ – မိုး/ဇလ
#ဆိုးလစ်ခ် #အားလျော့ #မုန်တိုင်းငယ်ဖြစ် #အကြွင်းအကျန်တိမ်တိုက်ကျန် #မိုးထစ်ချုန်းရွာမည် #Ayeyarwaddy_Times