ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၀ရက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ ရေကြီးနစ်မြုပ်မှုဖြစ်နေသည့် ရွာ ၂၀ခန့်မှ ပြည်သူများ စားသောက်နေ ထိုင်ရေးအတွက် အကူအညီများလိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၀ရက်မှ စက်တင်ဘာ ၁၅ရက်အတွင်း မိုးရွာသွန်းမှုများပြားပြီး တောင်ကျချောင်းရေထိုးဆင်းလာမှုနှင့် မြစ်ရေ မြင့်တက်မှုတို့ကြောင့် မင်းပြားရှိ ကျေးရွာများမှ အိမ် ၂၀၀ခန့် ရေထဲမျောပါသွားပြီး အိမ်ခြေ ၆၀၀နီးပါး ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ရိုးမအနီးမှ ဖုံသာချောင်း ရေကြီးမှုကြောင့် မင်းပြားမြို့နယ်ရှိ ကိုင်းကြီး၊ ကျေးမကြီး၊ ကျေးမချေ၊ ကြွီးချောင်း၊ ပြင်ချောင်း၊ ပြင်ဝ၊ သရက်အုပ်၊ င/လင်းကြီး၊ နတ်ထောက်ရွာသစ်၊ နတ်ထောက်ရွာဟောင်း၊ ရွာသာယာ၊ ခချီးမြောင်အောက်၊ ခချီးမြောင်အထက်၊ ဇိုင်ချောင်း၊ လက်ပံကိုင်း၊ နတ်ကံပြင်၊ တရဂူရွာသစ်၊ တရဂူရွာဟောင်း တို့မှ လူဦးရေ ထောင်ချီ ရေဘေးသင့်ခဲ့ကြောင်း သိရသည်။

ဖုံသာချောင်း၊ လက်ပံကိုင်းချောင်းနှင့် လေးမြို့မြစ်ရေ မြင့်တက်ပြီး အဆိုပါကျေးရွာများမှာ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

“အိမ်ခြေ ၂၀၀လောက်ရေထဲပါသွားတာ။ မျောတဲ့အထဲ လူတစ်ယောက်တော့သေတယ်ပြောတယ်။ ဖုန်းလိုင်းတွေလည်းမရလို့ ဆက်သွယ်ရေးတွေ အဆင်မပြေဘူး။ ၁၄ရက်နေ့မှာ ရေကရုတ်တရက် ထိုးဆင်းလာပြီး အိမ်တွေပါသွားတာ” ဟု မင်းပြားဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားလာသည့်အတွက် ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ရက်နေ့မှစကာ ပြည်နယ် အဝင်အထွက်ကို ပိတ်ဆို့လိုက်ပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပါ ဖြတ်တောက်ထားသည့်အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အလွယ်တကူလုပ်ဆောင်နိုင်ခြင်း မရှိကြောင်း သိရသည်။

ထို့အပြင် တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသည့် လေပွေလှိုင်းအရှိန်ကြောင့် လာမည့် စက်တင်ဘာ ၂၁ရက်မှ ၂၅ရက်အတွင်း မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းအချို့တွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလ သတိပေးထားပြီး ရခိုင်ပြည်နယ်လည်း ထပ်မံပါဝင်နေသည်။

မိုးရွာသွန်းမှု များပြားသည့်ဒေသများတွင် တောင်ကျချောင်းရေ ထိုးဆင်းခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်နိုင်ကြောင်း မိုး/ဇလက သတိပေးထားသည်။

ပုံစာ- မင်းပြားတွင် အိမ်တချို့ရေနစ်မြုပ်နေစဥ်
#မင်းပြား #ရေကြီးနစ်မြုပ် #ကျေးရွာများ #နေထိုင်စားသောက်ရေး #အကူအညီလိုအပ် #Ayeyarwaddy_Times