
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၀ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ လက်နက်ကြီးများ ဖြင့်ပစ်ကူတိုက်ခိုက်နေသည့် စစ်ကောင်စီ၏ ဖားကန့် ဗျူဟာတပ်စခန်းကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီ၃၀ မိနစ်ခန့်တွင် KIA ပူးပေါင်းဖွဲ့များက ဖားကန့်ဗျူဟာတပ်စခန်းကုန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
“ဖားကန့်မြို့ပေါ်ကလူတွေ ဒီနေ့ နေ့လယ်ကစပြီး စစ်ရှောင်နေကြပြီ။ ဆိုင်းတောင်ကို လက်နက်ကြီး တွေနဲ့ ပစ်ကူနေတဲ့ ဖားကန့်ဗျူဟာကို KIA က ဝိုင်းပတ်ပိတ် ဆို့လိုက်ပြီး လက်နက်ကြီးတွေနဲ့ ထောက်ထားတယ်။ ဆိုင်းတောင်ဘက်မှာလည်း ပစ်နေတုန်းပဲ” ဟု ဖားကန့် ဒေသခံတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့ သည့် ဆိုင်းတောင်တိုက်ပွဲတွင် စစ်ကောင်စီက လေ ကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အပြင် ဖားကန့်ဗျူဟာမှလည်း နေ့ရောညပါ လက်နက်ကြီးများဖြင့် ပစ်ကူတိုက်ခိုက်ခဲ့သည်။
ဖားကန့်ဗျူဟာဘက်တွင် တိုက်ပွဲပြင်းထန်လာသည့် အတွက် ဖားကန့်မြို့ပေါ်မှ ဒေသခံများနှင့် ဖားကန့်မြို့နယ်ရှိ ကျေးရွာများမှ ဒေသခံအများစုမှာ စစ်ဘေးတိမ်းရှောင်၍ ပြောင်းရွှေ့ထွက်ပြေး နေရကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၁၉ ရက်နေ့က ဖားကန့်၊ ဥရုချောင်းအနောက်ဘက် ဆန်းကြွယ်မှော်ရွာအနီးရှိ စစ်ကောင်စီ၏ တပ်စခန်းကုန်းကို KIA ကသိမ်းပိုက်ရရှိခဲ့သည်။
အဆိုပါစခန်းသိမ်းပြီးနောက် KIAပူးပေါင်းတပ်ဖွဲ့များက ဖားကန့်ဗျူဟာကုန်းကို လက်နက်ကြီးများဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#ကချင် #ဖားကန့် #စစ်ကောင်စီ #ဗျူဟာကုန်း #KIA #ပူးပေါင်းအဖွဲ့ #လက်နက်ကြီးပစ်ခတ် #Ayeyarwaddy_Times