
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၀ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ စစ်ကောင်စီ၏ အမှတ်(၅) နယ်ခြားစောင့်စခန်း (နခခ-၅ ၊မြို့သူကြီး) ကို အာရက္ခတပ်တော် (AA) က မြေပြင်ထောက်ပို့ လမ်းကြောင်းများ ပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီက လေကြောင်းမှရိက္ခာ၊ လက်နက်နှင့် ခဲယမ်းများ ပို့နေရကြောင်း သိရသည်။
စစ်ကောင်စီသည် ယမန်နေ့ စက်တင်ဘာ ၁၉ရက်နေ့ ညနေ ၄နာရီခန့်က ဂျက်တိုက်လေယာဉ် နှစ်စင်း ဖြင့် မောင်တောမြို့ ၃မိုင်နှင့် မကျည်းချောင်း အနီးကို ဗုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“မနေ့က ညနေဘက် ဗုံးလာကြဲတယ်။ တိုက်ပွဲကလည်း နခခ-၅ တစ်ဝိုက်နဲ့ မြို့နေရာတချို့မှာ ဖြစ်နေတုန်းပဲ။ ရိက္ခာထုတ်တွေလည်းချတယ်။ ရှေ့တစ်ပတ်ကဆို မိုးချုပ်မှလက်နက်ခဲယမ်း အထုတ်တွေကို လေထီးနဲ့ အချက်ပြမီးကျည်တွေနဲ့ နခခ-၅ထဲကို လာချတာ” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မောင်တောတွင် စစ်ကောင်စီ၏ နောက်ဆုံးကျန်ရှိသည့် နခခ ၅ကို AA က ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေပြီး စစ်ကောင်စီက အင်အား ၇၀၀ ခန့်ဖြင့် ခုခံတိုက်ခိုက်နေကာ လိုအပ်သည့် စစ်ကူကိုလေကြောင်းမှပို့လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့ကလည်း ညနေပိုင်းမှ စတင်ကာ Y-12လေယာဉ်ဖြင့် ရိက္ခာနှင့် လက်နက်၊ခဲယမ်းထုတ် ၄၀ ခန့်ကို တစ်ညလုံးနီးပါး ပို့ဆောင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် မောင်တော နခခ ၅ မှနေ၍ ဓာတုအဆိပ်ငွေ့ပါသည့် ဗုံးများကိုပါ အသုံးပြုတိုက်ခိုက်နေပြီး မူဆလင်လက်နက်ကိုင်အဖွဲ့များဖြင့်ပါ ပူးပေါင်းခုခံတိုက်ခိုက်နေကြောင်း AAက ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာ ၉ရက်နေ့ကလည်း စစ်ကောင်စီသုံ့ပန်းနှင့် အကျဉ်းသားများထားရှိရာ မောင်တော နခခ ၂နှင့် ၃မိုင်နှင့် ဝေသာလီကြားရှိ UNရုံးတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီအကျဉ်းသား ၅၀ကျော်သေဆုံးပြီး ၇၀ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် AA က နောက်ဆုံးကျန်နေသည့် စစ်ကောင်စီစခန်း နခခ ၅ကို ပိတ်ဆို့တိုက်ခိုက်နေပြီး မောင်တောမြို့အတွင်းတွင် ပြန့်ကျဲနေသည့် စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့များကို လိုက်လံရှင်းလင်း တိုက်ခိုက်နေကြောင်း သိရသည်။
#မောင်တော #စစ်ကောင်စီ #နခခ၅ #လေကြောင်း #စစ်ကူ #လက်နက်ရိက္ခာ #ပို့ဆောင် #Ayeyarwaddy_Times