
ဧရာဝတီတိုင်းမ်
(သံဖြူဇရပ်)၊ စက်တင်ဘာ ၁၉ ရက်
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြီးခဲ့သည့်စက်တင်ဘာ ၁၇ ရက်နေ့ မှ ယနေ့ စက်တင်ဘာ ၂၀ ရက် အထိ သုံးရက်ဆက်တိုက် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တောင်ညိုစစ်ကြောင်းထံက သိရသည်။
သံဖြူဇရပ်မြို့နယ်၊ ကုန်းမြင့်သာယာ ရွာအနီးတွင် ယမန်နေ့ စက်တင်ဘာ ၁၉ ရက်နေ့က နယ်မြေရှင်းလင်းရေး ပြုလုပ်နေသည့် အင်အား ၁၆၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့များကို တောင်ညိုစစ်ကြောင်းနှင့် KNLAတပ်ရင်း-၂၇ တို့ မှပူးပေါင်းတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့တွင်လည်း အဆိုပါကျေးရွာဝန်းကျင်တွင် စစ်ကောင်စီနှင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
“တိုက်ပွဲဖြစ်တဲ့နေရာတွေကဆက်စပ်မှုရှိတယိ။ ကျွန်တော်တို့လည်းသူတို့လမ်းကြောင်းတစ်လျှောက်ရယ် သူတို့နေရာတွေရယ်ကို လိုက်စုံစမ်းပြီးပစ်နေတယ်။ ရသလောက်တော့တိုက်ပွဲဖော်ဆောင်နေတယ်။ ၁၈ ရက်နေ့တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ထိခိုက်မှုရှိပါတယ်” ဟု တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ရွာ အနီး တွင် အင်အား ၁၈၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်မှ နယ်မြေရှင်းလင်းရေး ပြုလုပ်နေစဉ် တောင်ညိုစစ်ကြောင်းမှ ပြောက်ကျားတိုက်ခိုက်ခဲ့ရာ နာရီဝက် ဝန်းကျင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
ယခုအခါ သံဖြူဇရပ်မြို့နယ်တွင် စစ်ကောင်စီကအင်အားအများအပြားဖြင့် စစ်ကြောင်းထိုးမှုများ၊ နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်တိုက်ပြုလုပ်နေပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း ထိတွေ့မှုများ ဆက်တိုက်ဖြစ်ပွားကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့ကလည်း အတွင်းစခန်းကြီးရွာနှင့် ရဲတံခွန်ရွာအနီးရှိ စစ်ကောင်စီ တပ်စစ်ကြောင်းတို့ နှင့် တစ်ရက်အတွင်း သုံးကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါး ဦးသေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်းထံက သိရသည်။
ဓာတ်ပုံ – တောင်ညိုစစ်ကြောင်း
#သံဖြူဇရပ် #တောင်ညို #စစ်ကောင်စီတပ် #တိုက်ပွဲဖြစ်ပွား #Ayeyarwaddy_Times