
အယိုက်လင်း/ ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၀ ရက်
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းမှ ရေဘေးသင့် ကျောက်အိုးကျေးရွာတွင် စစ်မှုထမ်းစာရင်းပါသည့် ချင်းအမျိုးသား ၇၀ ကျော်ကို စစ်ကောင်စီက ကားဖြင့် ခေါ်ဆောင်သွားကြောင်း ဒေသခံများထံက သိရှိရသည်။
အဆိုပါ ချင်းအမျိုးသားများသည် ယခုနှစ် မတ်လနှင့် ဧပြီလတွင် စစ်မှုထမ်းရန်အတွက် စာရင်းပေးသွင်းခံရသူများဖြစ်ပြီး ၎င်းတို့ကို ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်နေ့တွင် မိတ်ဆုံစားပွဲ ပြုလုမည်ဟုဆိုကာ ခေါ်ဆောင်သွားခြင်းဖြစ်ပါတယ်။
“မနေ့ညနေက ရွာထဲကို ဝင်လာပြီး လူစာရင်း၊ နာမည်နဲ့ လာခေါ်သွားတာဖြစ်ပါတယ်။ စစ်မှုထမ်းဖို့တော့မပြောဘဲ မိတ်ဆုံစားပွဲအတွက်ဆိုပြီး ခေါ်သွားကြတာ။ သူတို့မှာ ဘာမှပါမလာဘူး။ ဒီအတိုင်းဘဲ အလော့တကြီး ကားနဲ့ခေါ်သွားကြတယ်။ ဒီနေ့မနက်ထိပြန်မပို့လာသေးဘူး။”ဟု ကျောက်အိုးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ စစ်ကောင်စီ ခေါ်ဆောင်သွားသည်ထဲတွင် အသက် ၁၈ နှစ် မပြည့်သေးသည့် လူငယ်အများအပြားနှင့် အသက် ၄၅ နှင့်အထက် အသက်ကြီးပိုင်း အမျိုးသားအများအပြားပါဝင်နေကြောင်း သိရှိရသည်။
အဆိုပါ ချင်းအမျိုးသားများ စစ်ကောင်စီက ယနေ့မနက်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးဘဲ လယ်ဝေးမြို့ရှိ စစ်ကောင်စီ၏ ခမရ ၆၀၄ တပ်ရင်းနှင့် ၆၀၅ တပ်ရင်းတို့တွင် ထိန်းသိမ်းထားကြောင်း သိရှိရသည်။
“ပထမအကြိမ် စစ်မှုထမ်းဖို့ စာရင်းကောက် တုန်းက လူငယ်တွေအတော်များ နိုင်ငံခြားထွက်ပြေးကုန်တယ်။ ဒုတိယအကြိမ် ထပ်စာရင်းကောက်တယ်။ ရွာထဲလူမရှိတော့ လူကြီးတွေ၊ ကလေးတွေပါ စာရင်းသွင်းခံရတာဖြစ်ပါတယ်။”ဟု ကျောက်အိုးဒေသခံတစ်ဦးက ဧရာဝတိီတိုင်းမ်ကိုပြောသည်။
စက်တင်ဘာလ ၁၀ ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်တောင်းမြစ်ရေမြင့်တက်ပြီး ကျောက်အိုးကျေးရွာ ရေမြုပ်သွားကာ ရွာလုံးကျွတ်ရေဘေးသင့်ခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် ကျောက်အိုးကျေးရွာမှ ရေဘေးသင့်ပြည်သူများသည် စားဝတ်နေရေးနှင့် ဆေးဝါးများ၊ သောက်သုံးရေ၊ ပျက်စီးသွားသည့်နေအိမ်များ ပြန်လည်ပြုပြင်ရန်အတွက် အကူညီများ လိုအပ်လျှက်ရှိသည်ဟုဆိုသည်။
ပုံစာ – ကျောက်အိုးကျေးရွာ ရေဘေးသင့်ပြည်သူများကို တွေ့ရစဥ်။
#လယ်ဝေး #ရေဘေးသင့် #ကျောက်အိုးကျေးရွာ# ချင်းအမျိုးသား၇၀ ကျော် #စစ်ကောင်စီ #ခေါ်ဆောင်သွာ #Ayeyarwaddy_Times