ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်
တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း ဆိုးလစ်ခ်(SOULIK) အဖြစ် နာမည်ရရှိပြီး အကြွင်းအကျန် တိမ်တိုက်များနှင့် လေပွေလှိုင်းသည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသများသို့ စက်တင်ဘာ ၂၀ ရက်နေ့တွင် စတင်ဖြတ်ကျော်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါ အပူပိုင်းမုန်တိုင်း ဆိုးလစ်ခ် (SOULIK) သည် အနောက်-အနောက်တောင်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ပြန်လည် အစပျိုးကာ အားကောင်းလာနိုင်ကြောင်း သိရသည်။
အဆိုပါ ဖြတ်ကျော်လာနိုင်သည့် လေပွေလှိုင်း၏အရှိန်ကြောင့် စက်တင်ဘာ ၂၀ မှ ၂၅ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်းပါဝင်သည်။
ထို့ပြင် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ ထံက သိရသည်။
ယင်းပြင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်သဖြင့် သတိပြုရန်အပါအဝင် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုရန်လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်သီတင်းပတ်က ဖြတ်ကျော်သွားသော ယာဂီမုန်တိုင်းအကြွင်းအကျန်ကြောင့် မြို့နယ် ၅၆ မြို့နယ်ရေဘေးသင့်ရပြီး ယခုကဲ့သို့ဆိုးရွားသည့်အခြေအနေဖြစ်မည်ဟု မမျှော်မှန်းခဲ့ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။
ဓာတ်ပုံ – မိုးဇလ
#တောင်တရုတ်ပင်လယ် #SOULIK #အပူပိုင်းမုန်တိုင်း #လာမည့်၅ရက် #မိုးကြီးမည် #Ayeyarwaddy_Times