ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာရှိ ရပ်ကွက်အချို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးထပ်မံကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဆိုင်းတောင်ကျေးရွာရှိ ကျောက်သွေးတောင်ရပ်ကွက်၊ ရပ်ကွက် (၃) နှင့် ရပ်ကွက် (၄) ဘက်သို့ ယနေ့ စက်တင်ဘာ ၁၉ရက် နံနက် ၁နာရီခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံး နှစ်ကြိမ်ကြဲချခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“သန်းခေါင်ကျော်ကြီး လေယာဉ်သံတွေကြားပြီး ကြဲတော့တာပဲ။ လက်နက်ကြီးတွေနဲ့လည်း ဖားကန့် ဗျူဟာဘက်က ထပ်ပစ်တယ်။ ရပ်ကွက် (၃) ဘက်အထိအခိုက်များတယ်ပြောတယ်” ဟု ဖားကန့်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲသည့်အပြင် ဖားကန့်ဗျူဟာမှနေ၍လည်း လက်နက်ကြီးများဖြင့် အဆမတန်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၆ရက်နေ့ နေ့လယ် ၂နာရီ ၂၅မိနစ်ခန့်ကလည်း ဖားကန့်မြို့နယ် ဆိုင်းတောင် ရပ်ကွက် ၃၊ ရပ်ကွက်၄ နှင့် ဖားပြင် ဆုတောင်းကုန်းဘက်သို့ လေယာဉ်ဖြင့် နှစ်ကြိမ်လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။

ဖားကန့်ရဲစခန်းသိမ်းခံရသည့် စက်တင်ဘာ ၁၂ရက်နေ့ကလည်း ဖားကန့်ရှိ ဆိုင်းတောင်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။

စက်တင်ဘာ ၇ ရက်နေ့မှ စတင်၍ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ဒေသခံများသည် လက်နက်ကြီး၊ လက်နက်ငယ်များထိမှန် လမ်းမများပေါ်တွင် အယောက် ၃၀ ခန့် သေဆုံးခဲ့ပြီး အလောင်း မကောက်ယူနိုင်သည့် အခြေအနေ ဖြစ်နေကြောင်း သိရသည်။

KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားအပြီး စက်တင်ဘာ ၈ ရက်နေ့မှစ၍ ဆိုင်းတောင်ကျေးရွာရှိ ရပ်ကွက်များမှ ဒေသခံ ၄၀၀၀ ကျော် နီးစပ်ရာ လုံးခင်း၊ မှော်စီစာ စသည့်ကျေးရွာများဘက်သို့ စစ်ရှောင်နေရပြီး နေရာထိုင်ခင်းနှင့် စားသောက်ရေးအတွက် အခက်အခဲဖြစ်နေကြကြောင်း သိရသည်။

ဓာတ်ပုံ- မှော်မင်းသား
ပုံစာ- စက်တင်ဘာ ၁၉ရက်က ဗုံးကြဲချတိုက်ခိုက်ခံရသည့် ဆိုင်းတောင်ကျေးရွာနှင့် စစ်ဘေးရှောင်များ
#ဖားကန့် #ဆိုင်းတောင် #စစ်ကောင်စီ #ဗုံးကြဲ #စစ်ဘေးရှောင် #၄၀၀၀ #Ayeyarwaddy_Times