
အယိုက်လင်း/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု သုံးရက် ဆက်တိုက်ပြုလုပ်ခဲ့သဖြင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံက သိရှိရသည်။
ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ မနက် ၄ နာရီခန့်ကလည်း စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးသီးအပါဝင် ဗုံးကြဲချသဖြင့် မင်းတပ်မြို့ပေါ် ရှိ ရပ်ကွက်အချို့တွင် လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဒီနေ့မနက် လေယာဥ်နှစ်စီးနဲ့ ဘဝသစ်ရပ်ကွက်၊ စိချဲ့ရပ်ကွက် အပြင်ဘက်တွေမှာ ဗုံးကြဲတာ နာရီဝက်လောက်ရှိမယ်။ တမြို့လုံး မြေကြီးပါ တုန်တယ်။ အဲ့ဒီ ရပ်ကွက်ဘက် လူမရှိကြတာ ကြာပါပြီ။ အပျက်စီးတော့ သွားမကြည့်ရဲလို့ မသိရသေးဘူး။ ပျက်စီးမူရှိနိုင်ပါတယ်” ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယနေ့မနက် လေကြောင်း တိုက်ခိုက်ခံရသည့် ဘဝသစ်ရပ်ကွက်နှင့် စိချဲ့ရပ်ကွက်ရှိ ပြည်သူများသည် လွန်ခဲ့သည့်တစ်နှစ်ခန့်လောက်က တခြားနေရာများသို့ တိမ်းရှောင်ခဲ့သည့်အတွက် လူနေထိုင်ခြင်းမရှိသဖြင့် လူထိခိုက်မူမရှိဘဲ နေအိမ်အချို့ ထိခိုက်ပျက်စီးနိုင်သည်ဟု ၎င်းက ဆိုသည်။
ထို့အပြင် ယမန်နေ့ စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၁ ဘက်ရှိ မိုင်လေးဆယ် ကျေးရွာအနီးနားတဝိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သလို စက်တင်ဘာ ၁၆ ရက်နေ့ကလည်း မင်းတပ်မြို့နယ်နှင့် ယောနယ်အစပ်ကို ပေါင် ၅၀၀ ဗုံးသီးဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
မင်းတပ်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ယခု စက်တင်ဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၁၉ ရက်နေ့ထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၀ ကြိမ်ထက်မနည်း ရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလေကြောင်း တိုက်ခိုက်မှုများကြောင့် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး အဆောက်အဦးနှင့် လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့သည်။
#မင်းတပ်မြို့ #စစ်ကောင်စီ #လေကြောင်းမှဗုံးကြဲ #ဆက်တိုက်ပြုလုပ် #Ayeyarwaddy_Times