
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်
ယခုရက်ပိုင်းအတွင်း ရေဘေးကယ်ဆယ်ရစခန်းနှစ်ခုတွင် အစာအဆိပ်သင့်မှုဖြစ်ပွားပြီးနောက် ချက်ပြုတ်ထားသည့်အစားအစာများမလှူဒါန်းရန် နှိုးဆော်ကြောင်းစစ်ကောင်စီက ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။
အခြေခံစားသောက်ကုန်များလှူဒါန်းရာတွင် မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ် ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များမှတစ်ဆင့်သာ ပေးပို့လှူဒါန်းရမည်ဖြစ်ကြောင်း စစ်ကောင်စီက ဆိုထားသည်။
ယမန်နေ့ စက်တင်ဘာ ၁၈ ရက်နေ့က အုတ်တွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းနှင့် ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့တွင် နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ချောင်းခြားကျေးရွာမှ ရေဘေးသင့် ပြည်သူများ အစာအဆိပ်သင့်ရောဂါလက္ခဏာများဖြစ်ပွားခဲ့သည်။
ထို့ကြောင့် စစ်ကောင်စီ၏ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက လက်ရှိ ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခေတ္တ ရောက်ရှိနေထိုင်သူများအတွက် လှူဒါန်းရာတွင် ချက်ပြုတ်ထားသည့် အစားအစာများလှူဒါန်းခြင်း မပြုလုပ်ရန် ထုတ်ပြန်ထားသည်။
” ( သိုလှောင်သိမ်းဆည်းထားတဲ့အစာ) အဲ့ဒီ အစားအသောက်တွေကို စားသောက်မိရင် အော့အန်တာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာစတဲ့ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲရောဂါတွေ ဖြစ်ပေါ်နေမှုတွေ ကြောင့် ရေဘေးသင့်ပြည်သူတွေအတွက် ပိုမိုဒုက္ခကြုံတွေ့စေတယ် ” ဟု စစ်ကောင်စီက ဆိုထားသည်။
ထို့ပြင်အလှူရှင်များအနေဖြင့် ကယ်ဆယ်ရေးစခန်းအတွင်းနေထိုင်သူများ ပူပူနွေးနွေးချက်ပြုတ်စား နိုင်ရန် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥနှင့် လတ်ဆတ်သော အသား၊ ငါး စသည်တို့ ပေးပို့လှူဒါန်းသင့်ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
ယမန်နေ့ ( စက်တင်ဘာ ၁၈ ရက်နေ့ ) က လူဦးရေ ၅၀၀ နီးပါးနေထိုင်သည့် အုတ်တွင်းမြို့နယ် ၀က်ဖြူကုန်းရေဘေးရှောင်စခန်းတွင် လူကြီးနှင့်ကလေးအပါအဝင်လူဦးရေ ၄၀ ကျော်အစာအဆိပ် သင့်၍ တောင်ငူဆေးရုံပို့ဆောင်ခဲ့ရပြီး လက်ရှိတွင် ရောဂါလက္ခဏာသက်သာသူများ ဆေးရုံမှပြန်လည် ဆင်းလာပြီဖြစ်ကြောင်း Save The Trees Rescue Team ထံက သိရသည်။
ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့က တပ်ကုန်းမြို့ ချောင်းခြားကျေးရွာတွင် အစာ အဆိပ်သင့်သူများအနက် အတွင်းလူနာအဖြစ် ၅၆ ဦးတက်ရောက်ခဲ့ရပြီး ၃၅ ဦးဆေးရုံဆင်းကာ လူနာ ၂၁ ဦးဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း စစ်ကောင်စီထံက သိရသည်။
ယင်းအပြင် လှူဒါန်းကြသည့် အစားအသောက်များကို ကျန်းမာရေးနှင့် ညီညွတ်စေရန် သန့်ရှင်းမှုရှိစေရန် ကြီးကြပ်စစ်ဆေးရမည်ဖြစ်ကြောင်းပါဝင်သည်။
ဓာတ်ပုံ – Save The Trees Rescue Team
#အစားအစာချက်ပြုတ်ပြီးမလှူရန် #စစ်ကောင်စီထုတ်ပြန် #အလှူပစ္စည်းများ #မြို့နယ်အုပ်ချုပ်ရေးမှုးရုံး #Ayeyarwaddy_Times