ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ဒေသကာကွယ် ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်လျက်ရှိရာ ပျူစောထီးများရွာကိုစွန့်၍ ရွာလုံးကျွတ် ထွက်ပြေး သွားကြကြောင်း ခင်ဦးမြိုနယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီ၏ ဇီးကုန်းသကြားစက်သို့ မဒေါင်းလှ ကျေးရွာမှ တိုက်ပွဲအတွင်းမသေဘဲ ကျန်ရစ်ခဲ့သည့် ပျူစောထီးများသည် ၎င်းတို့၏ မိသားစုဝင်များပါ ခေါ်ဆောင်၍ ရွာလုံးကျွတ်ထွက်ပြေးသွားကြောင်း သိရသည်။

“တော်လှန်ရေးပူးပေါင်းတပ်တွေက ရွာကိုပိတ်ဆို့တိုက်ကြတဲ့အခါမှာ ရွာထဲကပြည်သူအချို့ကို ပျူတွေက ဒိုင်းကာအနေနဲ့ အကုန်လုံးခေါ်ထုတ်သွားပြီး ဝါသဝရဲ့ပျူတွေရှိတဲ့ ဇီးကုန်းသကြား စက်ဘက်ကို ထွက်ပြေးသွားကြတယ်။ ရွာထဲမှာလည်း အလောင်းတွေ” ဟု ကာကွယ်ရေး အဖွဲ့ဝင် ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့များသည် ယမန်နေ့ စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းအချိန်မှစ၍ ပျူများ ထွက်ပြေးသွားသည့် မဒေါင်းလှရွာအတွင်းသို့ နယ်မြေရှင်းလင်းရေး ဝင်ရောက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

နယ်မြေရှင်းလင်းလုပ်ဆောင်ရာတွင် မဒေါင်းလှရွာ အနီးတဝိုက်မှ ခိုးယူထားသည့် နွားအုပ်၊ သိုးအုပ်များ အပါအဝင် ပစ္စည်းအချို့ကို ကာကွယ်ရေးတပ်ဖွဲ့များက ပြန်လည်ရရှိထားပြီး ပျူများအထိုင်ချထားသော နေရာများအား ရှင်းလင်းရာတွင် ကာကွယ်ရေးရဲဘော်နှစ်ဦး မြေမြုပ်နင်းမိုင်းထိမှန်ပြီး ဒဏ်ရာရ ရှိခဲ့ ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၃၁ ရက်နေ့တွင် ရွှေဘိုခရိုင်စစ်ဒေသ၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မ တော်၏ တပ်ရင်းများ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့၊ မြို့နယ်ပကဖများနှင့် အခြားခရိုင်နှင့် မြို့ နယ်နီးစပ်ရာ မိတ်ဖက်ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ မဒေါင်းလှရွာရှိ ပျူစောထီးစခန်းများကို စတင် ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း ပျူစောထီးများထိခိုက်သေဆုံးမှုများ ပြားသဖြင့် စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၉ စီးနှင့် ‌ထောက်ပို့လေယာဉ် တစ်စီးတို့မှ အကြိမ်ရေ ၂၀ ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲမှပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရ သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိနှင့်တပ်သားအပါအဝင် ၁၃ ဦး၊ ပျူစောထီးနှင့် ပျူစောမ ပေါင်း ၁၈ ဦးသေဆုံးခဲ့ကာ ပြည်သူ့ကာကွယ်ရေးရဲဘော် ငါးဦးလည်း သေဆုံးကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားသည့် ဩဂုတ် ၃၁ ရက်နေ့တွင်ပင် မုံရွာ နမခမှနေ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင် ချထားသည့် ကန့်ဘလူ ဇီးကုန်းသကြားစက်သို့ MI-17 ရဟတ်ယာဉ်ဖြင့် စစ်ကူများပို့ဆောင် ခဲ့ကြောင်း သိရသည်။

ထို့နောက် စက်တင်ဘာ ၁ ရက်နေ့တွင် ကန့်ဘလူ ဇီးကုန်းသကြားစက်မှ ဦးဝါသဝလက်အောက်ခံ ပျူစောထီးအဖွဲ့များနှင့် မုံရွာနမခမှ စစ်ကောင်စီပူးပေါင်းအဖွဲ့ အင်အား ၁၇၀ ဝန်းကျင်သည် မဒေါင်းလှပျူစောထီးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည်။

ထို့နောက် စက်တင်ဘာ ၂ ရက်နေ့မှစတင်ကာ ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့အထိ မဒေါင်းလှပျူရွာ အနီးတဝိုက်ရှိ ငကြိုင်း၊ အင်ကြင်းပင်၊ တဲကြီး၊ ဖန်းခါးကုန်း၊ စောကြီး၊ ပေါက်တော၊ ဆီဆုံလေး၊ နှဲတွင်း၊ မဒေါင်းကြီး၊ ရွှေကာ၊ ပေါက်သင့်တုံ၊ ဂျပို့၊ စည်ပုတ္တရာစသည့် ကျေးရွာ ၁၃ ရွာမှ အိမ်ခြေ ၅၀၀ ကျော်အား စစ်ကောင်စီနှင့် ပျူပူပေါင်းတပ်ကာ စစ်ကြောင်းထိုး ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြသည်။

အဆိုပါ စစ်ကောင်စီနှင့် ပျူပူးပေါင်းစစ်ကြောင်းသည် စက်တင်ဘာ ၁၀ ရက်နေ့တွင် မဒေါင်းကြီး ကျေးရွာမှ ကျောင်းသားတစ်ဦးအပါအဝင် ပြည်သူသုံးဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့‌ကြောင်း သိရသည်။

ခင်ဦးမြို့နယ်အတွင်း မဒေါင်းလှပျူစခန်းမှ ပျူများထွက်ပြေးသွားသော်လည်း ပျူရွာများဖြစ်သည့် ပျဉ် ထောင်ရွာ၊ မကျည်းတုံရွာအပါအဝင် ခင်ဦးမြို့မရဲစခန်း၊ ဆေးရုံနှင့် မင်းသိုက်ဆေးတိုက်တည်ရှိရာ လမ်းဆုံများတွင် စစ်ကောင်စီတပ်များ အထိုင်ချထားသည့် စခန်းများကျန်ရှိနေသေးကြောင်း သိရသည်။

ဓာတ်ပုံ -ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

#စစ်ကိုင်း #ခင်ဦး #မဒေါင်းလှ #ပျူစောထီး #စွန့်ခွာထွက်ပြေး #Ayeyarwaddy_Times