ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်

တိုင်ဖွန်းမုန်တိုင်းယာဂီအကြွင်းအကျန်တိုက်ခတ်မှုကြောင့် ကရင်နီအပါအဝင်ရေလွှမ်မိုးခံရသည့်ဒေသရှိ ပြည်သူငါးသိန်းကို တစ်လစာ စားနပ်ရိက္ခာထောက်ပံ့မည်ဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် ( WFP) က ယမန်နေ့ စက်တင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်သည်။

ရေကြီးရေလျှံမှုခံစားရသော ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းအပါအဝင် မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ ရေဘေးသင့်ပြည်သူငါးသိန်းထံ ဆန်၊ အားဖြည့်ဘီစကစ်များနှင့် အာဟာရအထောက်အပံ့တို့ကို တိုက်ရိုက်ဖြန့်ဝေထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဒေသများတွင် မိုးကြီးမှု၊ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် လူပေါင်းရာနှင့်ချီသေဆုံးရကာ နိုင်ငံတစ်ဝန်းတွင် အနည်းလုံးလူပေါင်း ၆၃၁,၀၀၀ ခန့်ဘေးသင့်ရကြောင်း သိရသည်။

” ဒီရေဘေးနဲ့ စားနပ်ရိက္ခာပေါ်သက်ရောက်မှုကအင်မတန်ပြင်းထန်ဆိုးရွားလှပါတယ်။ ရေကြီးမှုမဖြစ်ပွားမီ ဩဂုတ်လမှာ ကတည်းက မြန်မာနိုင်ငံမှာ လူဦးရေပေါင်း ၁၃ သန်းကျော်စာ စားနပ်ရိက္ခာမလုပ်လောက်မှုကို ကြုံတွေ့နေရတာပါ။ အခုလိုတိုးပွားလာတဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်မတို့ဝန်ထမ်းအဖွဲ့ဟာ အချိန်နဲ့တပြေးညီလုပ်ဆောင်နေပါတယ်” ဟု WFP မြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ် Ms. Sheela Matthew က ပြောကြားသည်။

ထို့ပြင် သီးနှံစိုက်ပျိုးရေး၊ အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာလက်လှမ်းမီရရှိရေးအပေါ် ရေဘေး၏ အကျိုးသက်ရောက်မှုအခြေအနေများကိုမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီးအကဲဖြတ်လေ့လာနေကြောင်းသိရသည်။

” စပါးတွေ လယ်တွေအကုန်မြုပ်ကုန်တော့ ဘာစီးပွားရေးမှမရှိတော့ဘူး။ အိမ်ပါသွားတဲ့လူလည်းများ‌တော့ ရေကျလို့ အိမ်ပြန်လည်းအိမ်မရှိ လုပ်ကိုင်စားစရာမရှိနဲ့။ ပြန်လည်ထူထောင်ရေးကတော့လိုမှာ အသေအချာပဲဘာမှမရှိတော့တာ ” ဟု တောင်ငူရေဘေးကယ်ဆယ်ရေးစခန်းသို့သွားရောက်လှူဒါန်းသူတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောသည်။

ယင်းပြင်နိုင်ငံတကာအကူညီများအဖြစ် အမေရိကန်နိုင်ငံမှ အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတစ်ဆင့် သန့်ရှင်းသောရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အထောက်အကူပြုပစ္စည်းများနှင့် အခြားအရေးပါသည့်ကယ်ဆယ်ရေးပစ္စည်းများကို အကူအညီပေးမည်ဖြစ်ကြောင်း ယမန်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကထုတ်ပြန်သည်။

တိုင်ဖွန်းယာဂီကြောင့် ပြင်းထန်သော ရေကြီးမှုနှင့် ထိခိုက်ပျက်စီးမှုများခံစားရသော အသိုက်အဝန်းများဆီသို့ ပေးပို့ရာတွင် ချောမွေ့မှုရှိစေရန် သက်ဆိုင်ရာတာဝန်ရှိသူများကို တောင်းဆိုကြောင်းပါဝင်သည်။

အာဆီယံလူသားချင်းစာနာထောက်ထားမှုအကူညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန (AHA Centre) က မြန်မာရေဘေးသင့်ပြည်သူများထံလှူဒါန်းရာတွင် မီးဖိုချောင်သုံးပစ္စည်းများ၊ Shelter ပြုပြင်ရေးသုံးပစ္စည်းများ၊ မိသားစုတဲ၊ ခြင်တောင်နှင့် ရေသန့်စက်အစရှိသည့် အမျိုးအစား (၁၁) မျိုးပါဝင်သော ကယ်ဆယ်ရေးပစ္စည်း ၅၅၆၀ ကီလိုဂရမ်သည် ယမန်နေ့က ရောက်ရှိခဲ့ကြောင်းသိရသည်။

အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာမှုအကူအညီပေးရာတွင် ရွက်ဖျင်တဲများ တာပေါ်လင်စများ အိမ်သုံးနှင့် လူသုံးကုန်ပစ္စည်းများအပါအဝင် စားသောက် ကုန်နှင့် ဆေးဝါးများကို စက်တင်ဘာ ၁၇ ရက်နေ့တွင် စစ်ကောင်စီထံလွဲအပ်ပြီးကြောင်းသိရသည်။

ရေကြီးရေလျှံမှုဖြစ်ပေါ်သော မြို့နယ် ၅၆ မြို့နယ်တွင် ရေဘေးသင့်သူ သုံးသိန်းကျော်ရှိပြီး သေဆုံးသူ ၂၆၈ ဦးနှင့် ပျောက်ဆုံးသူ ၈၈ ဦးရှိကြောင်း စက်တင်ဘာ ၁၈ ရက်နေ့ထိစာရင်းအရ စစ်ကောင်စီ၏ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီထံက သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ရေဘေးသင့်ပြည်သူကူညီရေး #WFP #USAID #အိန္ဒိယ #မြို့နယ်၅၆မြို့နယ် #Ayeyarwaddy_Times