
ဧရာဝတီတိုင်းမ်
(ဒိုက်ဦး)၊ စက်တင်ဘာ ၁၉ ရက်
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံ ရေးအကျဉ်းသားတစ်ဦးကို အဆောင်မှူးက ဦးခေါင်းနှင့်မျက်နှာများကို ဖိနပ်ဖြင့်နင်းကာ ရိုက်နှက်မှုများပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံက သိရသည်။
ဒိုက်ဦးအကျဥ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားတစ်ဦးထံမှ ပွတ်ချွန်းအခွံ(ဆေးလိပ် လိပ်ရာတွင် အသုံးပြုသည့် စက္ကူစာရွက်) တွေ့သည်ဟု စွပ်စွဲကာ ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်နေ့က အမှတ်(၅)အိပ်ဆောင် အဆောင်မှုး ရဲထွဋ်ဝင်းနှင့် ဒုတပ်ကြပ် စောအောင်ကိုလေး ဆိုသူမှ ခန္ဓာကိုယ်ကို ရိုက်နှက်ခဲ့ပြီး ဦးခေါင်းနှင့် မျက်နှာကိုလည်း ဖိနပ်ဖြင့်နင်းကာ ရိုက်နှက်မှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“ဒါဟာဒိုက်ဦးထောင်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြင်သာစေတဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်တယ်။ နောက်ပြီး ထောင်အာဏာပိုင်က မိမိရဲ့လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီးမှ နိုင်ငံရေးအကျဉ်းသား ဖြစ်တယ်ဆိုရုံနဲ့ ထောင်လက်စွဲဥပဒေနဲ့အညီစီစစ်တာမျိုးမဟုတ်ပဲ နိုင်ငံရေးအကျဉ်းသားဖြစ်ရုံနဲ့ ဒီဟာကိုကျူးလွန်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့အတူ မတရားညှင်းပန်း ရိုက်နှက်ပြီးမှ အခုလိုပြစ်ဒဏ်တွေ ပေးတာ မဖြစ်သင့်တဲ့ကိစ္စတစ်ခုလို့ မြင်ပါတယ်” ဟု PPNM မှ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆောင်မှူး ရဲထွဋ်ဝင်းမှ အဓိက ဦးဆောင်၍ နိုင်ငံရေးအကျဉ်းသား၏ ဦးခေါင်းနှင့် နောက်စေ့များကို စစ်ဖိနပ်ဖြင့် တက်နင်းခြင်း၊ မျက်နှာကို စစ်ဖိနပ်ဖြင့် ကန်ခြင်း၊ ရိုက်နှက်ခြင်းများကို ပြုလုပ်ခဲ့သည့် အတွက် ကျောပြင်တွင် ပေါက်ပြဲ ပွန်းရှ ဒဏ်ရာများရရှိခဲ့ ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ နိုင်ငံရေးအကျဉ်းသား အနေဖြင့်ဆေးဝါးကုသမှုကို ထောင်တွင်း အကျဉ်းသား အချင်းချင်းမှ ပြန်လည်ကုသမှုပေးနေကြရပြီး ရိုက်နှက်ခံရသည့် အကျဉ်းသားကို ခြေချင်းထောက်များ ခတ်၍ အဆောင်ပြောင်းခဲ့ကြောင်း သိရသည်။
“ဒိုက်ဦးထောင်မှာတာဝန်ကျနေတဲ့ အကျဉ်းဦးစီးဝန်ထမ်းတော်တော်များများက သူတို့ရွေးချယ်မှုနဲ့သူတို့ ဖိနှိပ်မှုတွေကို ပြုလုပ်တာဖြစ်ပါတယ်။ တစ်ခါတစ်ခါမှာ ထောင်အာဏာပိုင်တွေနဲ့ စနစ်တကျ ကျူးလွန်တဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေကို ဖိနှိပ်တဲ့ဖြစ်စဉ်တွေရှိသလို တစ်ခါတစ်ခါမှာ အဆောင်မှူးတွေ ထောင်ဝန်ထမ်းတွေကိုယ်တိုင်က နိုင်ငံရေးအကျဉ်းသားအကျဉ်းသူတွေကို ရန်သူသဖွယ် ဆက်ဆံပြီး ဖိနှိပ်မှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ဆက်လက် ပြောသည်။
ဒိုက်ဦးထောင်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်နေ့ကလည်း နှစ်ပွင့်အရာရှိ ဒေါ်စန်းနွယ်ဦးမှ ဦးဆောင်၍ ထောင်ဝန်ထမ်း အမျိုးသား ၅၀ ဦး နှင့် အမျိုးသမီး ခုနစ် ဦးမှ အမျိုးသမီး အဆောင်သို့ဝင်ရောက်ကာ နိုင်ငံရေးအကျဉ်းသူများကို ရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ဒိုက်ဦးထောင် #နိုင်ငံရေးအကျဉ်းသား #ရိုက်နှက်ခံရ #မအဆောင်မှူး #အကျဉ်းဦးစီး #Ayeyarwaddy_Times