ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်

ရေကြီးရေလျှံမှုကြောင့် နေထိုင်စရာအိမ်မရှိသဖြင့် ရေဘေးကယ်ဆယ်ရစခန်းများတွင်နေထိုင်ရသော ရေဘေးရှောင်ပြည်သူများကို သန်းခေါင်စာရင်းကောက်ယူရန်အတွက် စစ်ကောင်စီက အမြန်ဆုံးနေရပ် ပြန်ခိုင်းနေကြောင်း ယနေ့ စက်တင်ဘာ ၁၈ ရက်နေ့ထုတ် စစ်ကောင်စီအာဘော် သတင်းစာများတွင် ဖော်ပြထားသည်။

ယမန်နေ့ စက်တင်ဘာ ၁၇ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သော သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများကြောင့် ရေဘေးလွတ်ရာပြောင်းရွှေ့သူများ၌ ကယ်ဆယ်ရေးစခန်းတွင် လူဦးရေ ၁၆၃,၇၁၀ ကျော်နှင့် ဆွေမျိုးများအိမ်တွင်ရွှေ့ပြောင်းနေထိုင်ရသူ ၂၃၄,၅၃၅ ဦးဖြင့် စုစုပေါင်း သုံးသိန်းနီးပါးရှိ ကြောင်း စစ်ကောင်စီက ဆိုထားသည်။

” အိမ်ပြန်ဖို့ဆို အိမ်မရှိတဲ့သူကမရှိတော့ဘူး။ အိမ်ရှိတဲ့သူ ကျန်သေးတဲ့သူကျတော့ နေဖို့အတွက် မနည်းကိုရှင်းလင်းရအုံးမယ်။ အိမ်က အခွံပဲကျန်ခဲ့တာလေ။ အိမ်ပြန်နိုင်ဖို့က ရာသီဥတုအပေါ် မူတည်တယ်။ မိုးထပ်မရွာတော့ရင်တော့ တစ်လ၀န်းကျင်လောက်ပေါ့။ ရွာနေရင်တော့မပြောတတ်ဘူး။ သူတို့အိမ်မှာ နေရင်တောင် စားဖို့သောက်ဖို့လိုနေဦးမှာ” ဟု တောင်ငူရေဘေးကယ်ဆယ်ရေးကူညီသူ အမျိုးသမီး တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လာမည့်အောက်တိုဘာ ၁ ရက်နေ့တွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်၍ ကူညီကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများနေရပ်ပြန်နိုင်ရန် အတတ်နိုင်ဆုံး၊ အမြန်ဆုံးဆောင်ရွက်သွားရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။

ထို့ပြင်ပျက်စီးဆုံးရှုံးမှု အနည်း၊အများအလိုက် ဦးစားပေးအဆင့်သတ်မှတ်ပြီး ၆ လအတွင်း အမြန်ဆုံး ပြီးစေရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက် ပြောကြားခဲ့သည်။

လက်ရှိတောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် အရှိန်ကြောင့် စက်တင်လာ ၂၁ ရက်မှ ၂၅ ရက်အတွင်း လက်ရှိရေလွှမ်းမိုးနေသည့်ဒေသများအပါအဝင် မြန်မာတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ထုတ်ပြန်သည်။

မိုးသည်းထန်စွာရွာသွန်းကြောင့် တောင်ချချောင်းရေတိုက်စားမှု၊ မြေပြိုမှု၊ ရေကြီးရေလျှံမှုကြောင့် မြို့နယ် ၅၆ မြို့နယ်ရှိ ပြည်သူများ၏ နေအိမ်များ မျောပါပျက်စီးဆုံးရှုံးရသွားကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်အရသိရသည်။

လက်ရှိတွင်ရေဘေးရှောင်ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်းများတွင်သာနေထိုင်နိုင်ပြီး အိမ်အသုံးအဆောင်ပစ္စည်းအကုန်မျောပါသဖြင့် ပြန်လည်ထူထောင်ရေးအတွက် အသေအချာ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ရေဘေးကယ်ဆယ်ရေးကူညီသူများထံက သိရသည်။

“ရေဘေးရှောင်တွေအတွက်က မီးသွေး၊ မီးဖိုနဲ့အိုးခွက်ပန်းကန်တွေ။ အဓိကလိုမယ်ထင်တယ်။ မီးမရတော့ မီးသွေးနဲ့ ချက်မှရမယ်လေ။ ထင်းနဲ့ရွာတွေမှာချက်ပေမယ့် ထင်းတွေအကုန်စိုကုန်ပြီ။ ပြန်ခြောက်ဖို့က ဒီမိုး ဒီနေနဲ့မရလောက်ဘူး” ဟု တောင်ငူရေဘေးကယ်ဆယ်ရေးကူညီသူ အမျိုးသမီး တစ်ဦးက ပြောသည်။

သဘာဝ‌ဘေးအန္တရာယ်ဖြစ်ပွားတတ်သည့်ဒေသများတွင် လွန်ခဲ့သောနှစ် ၅၀ အတွင်းယခုကဲ့သို့ ဆိုးရွားသည့် အခြေအနေမရောက်ခဲ့ကြောင်း၊ မုန်တိုင်းနှစ်ခုအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းမည်ကိုသိရှိသော်လည်း လက်ရှိအခြေအနေအထိ ဖြစ်ပေါ်မည်ဟုမမျှော်လင့်ထားကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့အထိ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့်သေဆုံးသူ ၂၂၆ ဦး၊ ပျောက်ဆုံးသူ ၇၇ ဦး၊ ရေစီးနှင့်မျောပါသူ ၁၂ ဦး၊ ဒဏ်ရာရသူ ၄၇ ဦးရှိပြီး မြေပြင်တွင် ယင်းထက် ပိုနိုင်ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံက သိရသည်။

ထို့ပြင်နေအိမ်ပျက်စီးမှုတွင် ၁၉၁၅ လုံး လုံးဝပျက်စီးခြင်း၊ ၂၀၁ လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခြင်းနှင့် ၁၅၈,၃၄၃ ရေဝင်နစ်မြုပ်သွားကြောင်း စစ်ကောင်စီက ဆိုသည်။

နေပြည်တော်အပါအဝင် ကရင်နီပြည်၊ ကင်ရင်ပြည်၊ ရှမ်းပြည်၊ မွန်ပြည်အပါအဝင် ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလတိုင်းနှင့် ဧရာဝတီတိုင်းတို့ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။

တိုင်ဖွန်းယာဂီနောက်ဆက်တွဲမိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေပြည်တော်အပါအဝင် ပဲခူး၊ မကွေး၊ မန္တလေး ၊ ကရင်နီ၊ ကရင်၊ မွန်၊ ရှမ်း (အရှေ့ပိုင်းနှင့်တောင်းပိုင်း) တို့ရှိ မြို့နယ် ၅၉ မြို့နယ် ထိခိုက်ခဲ့ကြောင်း၊ နိုင်ငံတစ်ဝန်းရေဘေးသင့်သူ ခန့်မှန်းခြေ ၆၃၁,၀၀၀ ဦး (ခြောက်သိန်းကျော်) ရှိပြီး ရာနှင့်ချီ သေဆုံးမှုများရှိကာ အများအပြားပျောက်ဆုံးလျက်ရှိကြောင်း ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားရေးဆိုင်ရာမြန်မာရုံး (UNOCHAM) က ယမန်နေ့ စက်တင်ဘာ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – လူမှူကွန်ရက်
#စစ်ကောင်စီ #သန်းခေါင်စာရင်း #ကယ်ဆယ်ရေးစခန်းများ #ရေဘေးသင့်ပြည်သူများ #နေရပ်ပြန် #Ayeyarwaddy_Times