နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်

စစ်ကောင်စီနှင့် တိုက်ပွဲများ ဖြစ်ပွားနေသော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) မှ ဦးဆောင် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ နှုတ်ထွက်သွားသော်လည်း စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးကို ဆက်လက်ဆင်နွှဲသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံက သိရသည်။

လက်ရှိ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှူးကြီး ခွန်သူရိန် ဦးဆောင်သည့်အဖွဲ့အား PNLO ခွဲထွက်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးနှုန်း၍ ယင်းတို့သည် NCA အား သွေဖီချိုးဖောက်ကာ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်၊ စစ်ရေးဖော်ဆောင်လာခြင်းများကြောင့် ၎င်းအနေဖြင့် နှုတ်ထွက်သည်ဟု ယခု စက်တင်ဘာ ၁၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာတွင် ကျင်းပခဲ့သော ပအိုဝ်းအမျိုးသား ညီလာခံအရ ဖွဲ့စည်းခဲ့သည့် PNLO/PNLA တွင် “ခွဲထွက်အဖွဲ့” ဆိုခြင်းမျိုး ဆုံးဖြတ်ထုတ်ပြန်ထားခြင်းမရှိသော်လည်း ထိုအရာကို ဦးဆောင် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ထွင်၍ သုံးစွဲထားသည်ဟု ထင်မြင်မိကြောင်း PNLO/PNLA မှ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ဆိုသည်။

“အဖွဲချုပ်ရဲ့မူတွေ၊ နိုင်ငံရေး ဦးတည်ချက်တွေမှာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးဆိုတာ ပါပြီးဖြစ်တဲ့အတွက် PNLO-AD ဆိုတာလည်း လုပ်စရာမလိုပါဘူး။ အဖွဲချုပ်ရဲ့ မူတွေ၊ နိုင်ငံရေး ဦးတည်ချက်တွေအတိုင်း ဆက်သွားဖို့ပဲ လိုပါတယ်” ဟု ဗိုလ်မှူးကြီး ခွန်အောင်မန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

PNLO/PNLA သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် တကြော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေချိန်တွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ထိုသို့ နှုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်သူရိန်သည် စုပေါင်းဦးဆောင်မှုအရ မဟုတ်ဘဲ တစ်ဦးတစ်ယောက်သော သဘောထားဆန္ဒဖြင့် မူဝါဒ အလွှဲသုံးစားလုပ်ကာ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) ကို ရန်သူအဖြစ် သတ်မှတ်၍ ဆန့်ကျင်တိုက်ခိုက်နေကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ၎င်း၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ယင်းအတူ ဆီဆိုင်မြို့အပါအဝင် မဲနယ်တောင် ဒေသအတွင်း မြိုပြကျေးရွာများကို ပျက်စီးဆုံးရှုံးစေခြင်းနှင့် ပအိုဝ်းပြည်သူများ စစ်ပြေးစစ်ရှောင် များပြားစေခြင်းတို့ကို မျက်ဝါးထင်ထင် တွေ့ရှိရသဖြင့် မူလ ဦးဆောင်နာယက တစ်ဦးအနေဖြင့် မလွှဲမရှောင်သာ တာဝန်ရှိလာသည့်အပေါ် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။

“အာဏာသိမ်းပြီးနောက်ပိုင်း NCA ကိုအကောင်အထည်ဖော်နိုင်တဲ့ အခင်းအကျင်းမရှိပါဘူး။ စစ်ကောင်စီကလည်း NCA ကို အကောင်အထည်ဖော်နေတာ မဟုတ်ပါဘူး။ ဒါကြောင့် စစ်ကောင်စီနဲ့ သွားရောက်တွေ့ဆုံနေတာကလည်း NCA ကို အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းစဉ်လို့ ပြောလိုမရပါဘူး” ဟု PNLO/PNLA မှ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောသည်။

စစ်ကောင်စီနှင့် တကြော့ပြန် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သော ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှစ၍ နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းများကို ထိန်းညှိစွာ လုပ်ဆောင်ခဲ့ပြီးနောက် စက်တင်ဘာ ၁၁ ရက်တွင် အဖွဲ့ချူပ်၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထူးအစည်းအဝေးတစ်ရပ် ကျင်းပကာ PNLO ခေါင်းဆောင်များကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ယင်းအစည်းအဝေးအရ အဖွဲ့ချုပ်ကို ဆက်လက် ဦးဆောင်နိုင်ရန် ဥက္ကဋ္ဌ အဖွဲ့ သုံး ဦး၊ အထွေထွေအတွင်းရေးမှူး တစ်ဦး၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီ တစ် ဦးတို့ကို တာဝန်ပေးအပ်ထားပြီး တတိယအကြိမ် ညီလာခံသက်တမ်း ကုန်ဆုံးသည်အထိ ထိုခေါင်းဆောင်များက ဦးဆောင်သွားမည်ဖြစ်ကြောင်း PNLO က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- PNLA

#ဗိုလ်မှူးကြီးခွန်ဥက္ကာ #PNLO #နှုတ်ထွက် #စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး #ဆက်လက်ဆင်နွှဲမည် #Ayeyarwaddy_Times