ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်
နေပြည်တော်၊ တပ်ကုန်းမြို့၊ ကြက်သွန်းခင်းအုပ်စု၊ ချောင်းခြားကျေးရွာတွင် လာရောက်လှူဒါန်းသည့် ဒန်ပေါက်များစားပြီးနောက် ဒေသခံ ၂၅၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၁၇ ရက်နေ့က အဆိုပါကျေး ရွာသို့ လာရောက်လှူဒါန်းသည့် ဒန်ပေါက်များကို ဒေသခံများမှ စားသောက်ပြီးနောက် ညနေပိုင်းတွင် အစာအဆိပ်သင့်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လူမှုကူညီရေးအဖွဲ့ထံက သိရသည်။
“ဘာကြောင့်ရယ်တော့ သေချာမသိဘူးပေါ့နော်။ လာလှူတဲ့ဒန်ပေါက်ကို စားကြပြီး ဖြစ်ကြတာ။ သောက်ရေသန့်ကမလုံလောက်ဘူး။ ကူညီရေးအဖွဲ့တွေလည်းဖြစ်ကြတာ။ ဘာကြောင့်ဖြစ်တယ်တော့ အသေအချာမပြောနိုင်သေးဘူး”ဟု ပရဟိတအသင်းအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။
အဆိုပါကျေးရွာသို့ လာရောက်ဝေငှသည့် ဒန်ပေါက်များကို စားသုံးပြီးနောက် ဒေသခံ ၂၅၀ ကျော်မှာ အော့အန်၍ ဝမ်းပျက်ဝမ်းလျှောများဖြစ်ကာ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး စိုးရိမ်ရသည့် ဒေသခံ ၄၀ ကျော်ကို ပျဉ်းမနား ခုတင် ၁၀၀ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေတွင် ရေကြီးရေလျှံမှုကြောင့် အိမ်ခြေ ၃၃ လုံး ရေနှင့်မျောပါပြီး အဆောက်အဦ ၃၈၁၉ လုံးရေနစ်မြုပ်ကာ သေဆုံးသူ ၄၂ ဦးရှိကြောင်း စစ်ကောင်စီကထုတ်ပြန် ထားသည်။
ပုံစာ- အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သော ရေဘေးသင့်ပြည်သူများကို တွေ့ရစဉ်
#နေပြည်တော် #တပ်ကုန်း #ချောင်းခြားရွာ #ဒေသခံ၂၅၀ကျော် #အစာအဆိပ်သင့် #Ayeyarwaddy_Times