
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်
ဧရာ၀တီတိုင်း၊ ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် စက်တင်ဘာလ ၁၂ရက်နေ့မှစတင်ပြီးတောင်ကျရေကြောင့် ချောင်းရေလျှံမှုဖြစ်ပွားခဲ့ပြီး နေအိမ်များနစ်မြုပ်ခဲ့ကြောင်း ဒေသခံများထံမှသိရှိရသည်။
ချောင်းရေလျှံမှုကြောင့် မြို့အတွင်းသို့ ရေဝင်ရောက်လာချိန်တွင် ဘက်ရဲမြို့ သရက်ပင်ဂွရပ်ကွက်ရှိ နေအိမ်မှ ကလေးငယ်တစ်ဦး ပြုတ်ကျကာရေစီးနှင့်မျောပါပြီး အသက်ဆုံးရူံးခဲ့ကြောင်း သိရသည်။
“ရေကတဖြည်းဖြည်းနဲ့ မြုပ်လာတာ ၊ တစ်ချို့နေရာတွေဆိုလူတစ်ရပ်ကျော်တယ်။ အဲ့အချိန်မှာ မြို့မှာမီးတွေလဲပျက်၊ ဖုန်းလိုင်းတွေလဲပျက်တော့သတင်းတွေ လူတွေမသိရဘူးဖြစ်နေတာ။ ရေထဲကျသွားတဲ့ကလေးက မိန်းကလေးပါ အသက်က နှစ်နှစ်ကျော်ဝန်းကျင်ပဲရှိအုန်းမယ်ထင်တယ် “ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ရေနှင့်မျောပါသွားသောကလေးငယ်၏ အလောင်းကို စက်တင်ဘာလ ၁၄ ရက်နေ့ကပြန်လည်တွေ့ရှိခဲ့ပြီး ဘက်ရဲမြို့ရှိနေအိမ်များ မှာ ရေပြန်ကျသွားသော်လည်း ရွှံ့ညွန်များစွာတင်ကျန်နေခဲ့ကြောင်း ဒေသခံများမှပြောသည်။
အဆိုပါ ချောင်းရေလျှံကာ နေအိမ်များရေမြုပ်သည့် ဖြစ်စဥ်တွင် စစ်ကောင်စီမှ လာရောက်ကူညီမှုမရှိပဲ မြို့မှ ဖွဲ့စည်းထားသောကြက်ခြေနီအဖွဲ့မှ လူအနည်းငယ်သာ လာရောက်ကူညီသည်ကို မြင်တွေ့ခဲ့ရကြောင်းဒေသခံများမှပြောသည်။
ယခုစက်တင်ဘာလအတွင်း မြန်မာနိုင်ငံအတွင်း နေပြည်တော်အပါအဝင် မြို့များစွာတွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပွားခဲ့ပြီး ပြည်သူအသက်ပေါင်း ရာချီသေဆုံးခဲ့ကာ အိုးအိမ်အဆောက်အဦး ပျက်စီးမှုများစွာရှိခဲ့သည်။ အဆိုပါအခြေအနေများနှင့် ပတ်သက်ပြီး စစ်ကောင်စီအနေဖြင့် ကောင်းမွန်စနစ်ကျသည့် ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး လုပ်ပေးသည်ကိုမမြင်ရကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။
#ကြံခင်းမြို့ #ဘက်ရဲမြို့ #တောင်ကျရေ #ရေကြီးမှုဖြစ်ပွား #ကလေးငယ်တစ်ဦး #ရေနစ်သေဆုံး #Ayeyarwaddy_Times